ဂူအမ်ကျွန်းကို ဒုံးကျည် ကြဲရန် အမေရိကန် လုပ်ရပ်ကို ကြည့်ပြီး ကင်ဂျုံးအွန် ဆုံးဖြတ်မည်

ဂူအမ်ကျွန်းကို ဒုံးကျည် ကြဲရန် အမေရိကန် လုပ်ရပ်ကို ကြည့်ပြီး ကင်ဂျုံးအွန် ဆုံးဖြတ်မည်

ပြံုယမ်း၊ သြဂုတ် ၁၅ ။                    ။ အမေရိကန် ပစိဖိတ်ပိုင်နက် ဂူအမ်ကျွန်းကို ဒုံးကျည် တိုက်ခိုက်ရေး စီမံချက်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ထံ တင်ပြပြီး၍ လက်ခံထားပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းက ဖော်ပြသည်။

သို့သော် ဂူအမ်ကျွန်းအား ဒုံးကျည် ကြဲချရေးကို ခေါင်းဆောင်ကင်ဂျုံးအွန်က အမေရိကန်၏ လုပ်ရပ်ကို ကြည့်ပြီး ဆုံးဖြတ်ချက် ချမှာဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ဗုံးကြဲလေယာဉ်များ အခြေစိုက်စခန်းရှိရာ ဂူအမ်ကျွန်း ပတ်လည်က ပင်လယ်ပြင်သို့ ဒုံးကျည်လေးစင်း ကြဲချရန် အစီအစဉ် ရေးဆွဲနေသည်ဟု   မြောက်ကိုရီးယားက ကြေညာခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားကြား စကားလုံးစစ်ပွဲ ပြင်းပြင်းထန်ထန် ရှိစဉ် ယခုကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ကင်ဂျုံးအွန်အနေဖြင့် ဒုံးကျည်ကြဲချမည့် အစီအစဉ်ကို အချိန်ယူစဉ်းစားပြီး စစ်တပ်အကြီးအကဲများနှင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ဂူအမ်ကျွန်းကို ဒုံးကျည် ပစ်လွှတ်ရေး ပြင်ဆင်မှုများ ပြီးနောက် အမိန့်ကို မြောက်ကိုရီးယား မဟာဗျူဟာတပ်ဖွဲ့ တပ်မှူးက စောင့်ဆိုင်းလျက်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။

“အမေရိကန်အနေနဲ့ ပထမဆုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပြသပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျော့ပါးရေးကို ဆန္ဒရှိတယ်၊ ဘေးအန္တရာယ်များတဲ့ စစ်ရေးထိပ်တိုက်တွေမှုကနေ   ရှောင်ရှားချင်လိုပါတယ် ဆိုတာကို ပြသရမှာဖြစ်တယ်။”ဟု ကင်ဂျူံးအွန်က ပြောကြောင်း ယင်းသတင်းက ဖော်ပြခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly