မိရိုးဖလား နှီးဝါးတင်းတောင်းရက်လုပ်ငန်း လုပ်ကိုင်သူရှားပါးလာ

မိရိုးဖလား နှီးဝါးတင်းတောင်းရက်လုပ်ငန်း လုပ်ကိုင်သူရှားပါးလာ
ဓာတ်ပုံ-မင်းဟိန်းကိုလင်း

ပေါင်၊ သြဂုတ်၊ ၁၅။      ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် နှီးဝါးဖြင့်ရက်လုပ်ထားသော တင်းတောင်း များကို လယ်ယာလုပ်ငန်းများတွင် အများဆုံးအသုံးပြုကြသော်လည်း ယခုအချိန်တွင် နှီးဝါးတင်းတောင်းများအစား ကော်ပုံး၊ သံပုံးများကို အစားထိုးအသုံးပြုလာသူများလာသောကြောင့် ရိုးရားနှီးဝါး တင်းတောင်းရက်လုုပ်သော လုပ်ငန်းများရှားပါးလာကြောင်း ကျောက်ရေတွင်းကျေးရွာမှ ရိုးရားနှီးဝါးတင်းတောင်းရက်လုပ်သောသူများထံမှ သိရသည်။

“အရင်တုန်းကဆိုရင် ဒီဘက်တွေမှာက ၀ါးနဲ့လုပ်တဲ့တောင်းရက်လုပ်ငန်းလုပ်ကိုင်သူတွေ တစ်ရွာလုံး နီးပါးလုပ်ကို်င်ကြတယ်။ ခုခေတ်က နှီးဝါးနဲ့ရက်ထားတဲ့ တင်းတောင်းအစားကို ကော်ပုံး၊ သံပုံးတွေ အသုံးပြုလာတာများလာတော့ တွက်ချေမကိုက်တော့ဘူးလေ။ နောက်ပိုင်းမှာ ဒေသမှာရှိတဲ့ လူငယ်တွေ တော်တော်များများက ပိုက်ဆံအရများတဲ့ အိမ်နီးချင်းနို်င်ငံဘက်မှာပဲ သွားလုပ်ကြတယ်။ ဒါကြောင့် အရင်က ရိုးရာတောင်းရက်တဲ့လုပ်ငန်း လုပ်တဲ့သူ ၁၀၀ လောက်ရှိတာ။ အခုဆို ၁၅ဦးခန့်လောက်ပဲ ရှိတော့တယ်"ဟု ကျောက်ရေတွင်းကျေးရွာနေ ရိုးရားတောင်းရက်လုပ်ငန်း လုပ်ကိုင်သူ ဦးအုန်းကျော်က ပြောသည်။

ထို့အပြင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာလည်း ရှားပါးလာပြီး ၀ါးဖြင့် ရက်လုပ်သောတင်းတောင်းများ၏ ကုန်ကျစရိတ်နှင့်စျေးနှုန်းပြန်လည်ရရှိမှုမှာလည်း အကျိုးအမြတ် နည်းပါးလာသည့်အတွက် ရေရှည်တွင် ရိုးရာ တင်းတောင်းရက်လုပ်ငန်းများကွယ်ပျောက်သွားမည့် အခြေအနေနှင့်ကြံုတွေ့လာနိုင်သည့်အတွက် တနိုင်တပိုင် လက်မှုလုပ်ငန်းများအား အားပေးစေလိုကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

ရိုးရာတင်းတောင်းများ ပြုလုပ်ရာတွင် မိုးတွင်းကာလ၌ လိုအပ်သော ၀ါးနွယ်၊ နှီးဝါး၊ ကြိမ်၊ သစ်နွယ်များအား ကြိုတင်ရှာဖွေစုဆောင်းကာ ခွဲခြမ်းစိတ်ဖြာ၍ ကြပ်ခိုးတင်ထားရပြီး မိုးရာသီအကုန်တွင် ၄င်းပစ္စည်းများကို အသုံးပြု၍ တင်းတောင်းများ ရက်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

အများအားဖြင့် တင်းတောင်းနှင့် လောင်းတောင်းများကို စပါးချင်ရာတွင် လည်းကောင်း အသုံးပြုကြပြီး လယ်ယာသုံးပလိုင်းများကို ပစ္စည်းထည့်စရာတစ်ခုအဖြစ် အသုံးပြုကြပြီး မြို့တက်၊ တောင်ပေါ်တက်ရာတွင် အသုံးပြုကြသည်။

ရက်လုပ်ပြီးစီးသော ပစ္စည်းများအား သထုံ၊ ဘားအံ၊ မော်လမြိုင်မြို့၊ ဘီးလင်းမြို့၊ ကျိုက်ကော်သို့ တင်ပို့ရောင်းချလျက်ရှိရာ တင်းတောင်းတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ ငွေကျပ် ၁၅၀၀၀မှ ၂၅၀၀၀ ကြားရှိကြောင်း၊ လောင်းတုံးတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ ငွေကျပ် ၃၀၀၀မှ ၆၀၀၀ကြားရှိပြီး ပလိုင်းတစ်လုံးလျှင် ငွေကျပ် ၅၀၀၀မှ ၁၀၀၀၀နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly