မော်စကိုရှိ လူစည်ကားရာ နေရာများအား တိုက်ခိုက်ရန် ကြံစည်နေသော အိုင်အက်စ်နှင့် ဆက်နွှယ်သူ လေးဦးအား ဖမ်းမိ

မော်စကိုရှိ လူစည်ကားရာ နေရာများအား တိုက်ခိုက်ရန် ကြံစည်နေသော အိုင်အက်စ်နှင့် ဆက်နွှယ်သူ လေးဦးအား ဖမ်းမိ

မော်စကို၊ သြဂုတ် ၁၄ ။            ။ မော်စကို မြို့တော်တွင် လူထူထူထပ်ထပ် စည်ကားရာ နေရာများအား တိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိသည် သံသယရှိရသူ အိုင်အက်စ်နှင့် ချိတ်ဆက်သူ လေးဦးအား ရုရှလုံခြံုရေးတပ်ဖွဲ့များ ဖမ်းမိကြောင်း ဗဟိုလုံခြံုရေးဌာန FSB က သြဂုတ် ၁၄ ရက်တွင် ကြေညာသည်။

မြို့တော် မော်စကိုရှိ ကားဂိတ်၊ ဆိပ်ကမ်း၊ လေဆိပ်နှင့် စူပါမားကတ်များ အပါအဝင် လူထူထပ်စည်ကားသော နေရာများအား အသေခံဗုံးခွဲခြင်း၊ အားပြင်းဗုံးများ ဖောက်ခွဲခြင်းများ လုပ်ဆောင်ရန် ကြံရွယ်နေသူများကို ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း FSB ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ယခင် KGB ဟုခေါ်သော FSB ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသူများမှာ အိုင်အက်စ်ကိုယ်စားလှယ်တစ်ဦး၊ ဗုံးလုပ်သူတစ်ဦးနှင့် အသေခံဗုံးဖောက်ခွဲမည့်သူ နှစ်ဦးတို့ကို ဖမ်းဆီးရမိသည်ဟု   ဖော်ပြထားသည်။

မော်စကို ဆင်ခြေဖုံးရပ်တွင် ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်ရာ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုကိုလည်း ဖော်ထုတ်တွေ့ရှိသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

"ဖမ်းမိသူတွေမှာ ရုရှနိုင်ငံသား တစ်ဦးနဲ့ ဗဟိုအာရှ ဒေသနိုင်ငံသား သုံးဦးဖြစ်ကြတယ်။"ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ကနဦး စစ်ဆေးချက်အရ ဆီးရီးယား အခြေစိုက် အိုင်အက်စ်ခေါင်းဆောင်များက ကွပ်ကဲကြီးကြပ်ကာ တိုက်ခိုက်မှုများ စီစဉ်ခြင်းဖြစ်သည်ဟု FSB က ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags