မိုက်ကယ်ဘရောင်းနှစ်ပတ်လည် ဖာဂူဆန်ဆန္ဒပြပွဲ တွင်သေနတ်ကိုင် လူတစ်ဦးနှင့် ရဲတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

မိုက်ကယ်ဘရောင်းနှစ်ပတ်လည် ဖာဂူဆန်ဆန္ဒပြပွဲ တွင်သေနတ်ကိုင် လူတစ်ဦးနှင့် ရဲတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

ဖာဂူဆန်၊ သြဂုတ်-၁၀ ။     ။ မစ်ဆိုရီပြည်နယ် ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းဆယ်ကျော်သက် မိုက်ကယ်ဘရောင်း ပစ်သတ်ခံရသည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆန့်ကျင်ဆန္ဒပြကြရာတွင် ရုန်းရင်းဆန်ခတ်အခြေအနေအတွင်း လူငယ်တစ်ဦး အပစ်ခံခဲ့ရပြီး ခွဲစိတ်ကုသမှု ခံယူနေရသည်ဟု ရဲက ပြောကြားခဲ့သည်။

ဆန္ဒပြလူအုပ်ထဲမှ ခိုးဝှက်သေနတ်ကိုင်ဆောင်ထားသည့် လူတစ်ဦးက ရဲကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။သေနတ်သမား မည်သူမည်ဝါဖြစ်သည် ကိုမူဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ဖြစ်စဉ်ကို ရိုက်ယူထားသည့် ဓာတ်ပုံများတွင်မူ လူမည်းလူငယ်တစ်ယောက် သွေးအလိမ်းလိမ်းဖြင့် မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ကြရသည်ဟု ဆိုသည်။

၂၀၁၄ခုနှစ် သြဂုတ်လတွင် ၁၈နှစ်အရွယ်သာရှိသေးသည့် လက်နက်မဲ့လူမည်း မိုက်ကယ် ဘရောင်းကို လူဖြူရဲအရာရှိ ဒါရင်း ဝီလ်ဆင်က ပစ်သတ်လိုက်မှုကြောင့် အမေရိကတစ်လွှားတွင် ဆန့်ကျင်ဆန္ဒပြ မှုများ ဖြစ်ပေါ်လာခဲ့သည်။ ရဲများ၏ လူမျိုးရေးဘက်လိုက်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ အမေရိကန်နိုင်ငံအနှံ့တွင် ဖြစ်ပေါ်လာခဲ့သည်။

တည်ကြည်ငြိမ်းချမ်းသော နှစ်ပတ်လည် အောက်မေ့ဖွယ်အခန်းအနားအပြီး လူအုပ်ကြီးက West Forissant Avenue တွင် စုရုံးလာကြစဉ် ည ၁၁နာရီ ၁၅မိနစ်အချိန်ခန့်တွင် ပစ်ခတ်သံများကို ကြားကြရ သည်ဟု ဆိုသည်။ ရဲချုပ် ဂျွန် ဘယ်မာ၏ သတင်းထောက်များကို ပြောကြားချက်အရ အုပ်စုနှစ်စုကြား အပြန်အလှန်ပစ်ခတ်မှုများအပြီးတွင် ရဲများက လက်နက်တပ်ဆင်ထားသည်ဟု ယူဆရသည့် သံသယ ရှိသူက SUV ကားကို ဖလက်ရှ်မီးများထိုး၍ ရဲများကို ရင်ဆိုင်ခဲ့သည်ဟု ဆိုသည်။  

သံသယရှိသူက ရဲကားစကို ပစ်ခတ်ရာ မစ္စတာ ဘယ်မာ၏ ပြောကြားချက်အရ အရပ်ဝတ်နှင့်စုံထောက်များကလည်း ဗင်ကားအတွင်းမှနေ၍ ပြန်လည်ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။ ထို့နောက် ထိုလူက ထိုလူက အဆောက်အအုံတစ်ခုနောက်သို့ ပြေးသွားပြီး ရဲများကို ထပ်မံပစ်ခတ်ရာ ရဲလေးယောက်တို့က ပြန်လည်ပစ်ခတ်သောကြောင့် သေနတ်ထိမှန် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

နံနက်အရုဏ်တက်အချိန်တွင် ရဲများက အသံချဲ့စက်များဖြင့် ဆန္ဒပြပွဲမှာ မငြိမ်းချမ်းတော့ကြောင်း ပြောကြား၍ ပြည်သူလူထုများကို လူစုခွဲရန်တိုက်တွန်းခဲ့ကြရသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly