ဒဏ်ရာကနေပြန်လာတဲ့ ရုရှဖိုက်တာ တီမိုဖေးနက်စ်ယူကင်

ဒဏ်ရာကနေပြန်လာတဲ့ ရုရှဖိုက်တာ တီမိုဖေးနက်စ်ယူကင်

ရုရှဖိုက်တာ တီမိုဖေးနက်စ်ယူကင်ဟာ ခြေထောက်ကျိုးထားတာကြောင့် ပြိုင်ပွဲတွေနဲ့ ဝေးကွာနေရတာ ၈ လရှိသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့မှာတော့ နက်စ်ယူကင်ဟာ မကာအိုက သတ်ကွင်းထဲကို ပြန်ရောက်လာခဲ့ပါတယ်။ သူနဲ့ရင်ဆိုင်ဖို့ တည်ပေးထားတဲ့သူကတော့ ဂျပန်ဖိုက်တာ အန်ဒိုပါ။

နက်စ်ယူကင်နဲ့အန်ဒိုတို့ နှစ်ဦးစလုံးဟာ ကိုယ်ခံပညာစွမ်းရည်ပြည့်ဝကြပြီး လက်ရည်ညီတာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက ကိုယ့်တာကိုယ်လုံအောင် ပါးပါးနပ်နပ်ကစားနိုင်ခဲ့ကြပြီး ပွဲကို တစ်လှည့်စီ ထိန်းကျောင်းစိုးမိုးခဲ့ကြပါတယ်။

ပွဲစလွှတ်လိုက်ကတည်းက နှစ်ယောက်စလုံးဟာ လက်သီးချင်းရင်ဆိုင်ထိုး၊ ခြေအမြင့်ကန်ချက်တွေအပြန်အလှန်နဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ နက်စ်ယူကင်ရဲ့ ဘယ်ညာတွဲလုံးလက်သီးတွေက   ကောင်းသလို ခြေအမြင့်ကန်ချက်နောက်မှာ တွဲပါလာတတ်တဲ့ လက်ပြန်ပတ်ရိုက်ချက်တွေကလည်း အန္တရာယ်ပေးနိုင်ခဲ့ပါတယ်။ နက်စ်ယူကင်ရဲ့ လက်သီးထိုးချက်တွေ ဒူးတိုက်ချက်တွေက အားပါလှပါတယ်။

အန်ဒိုကလည်း နက်စ်ယူကင်ရဲ့ နံတွေကို သူ့ရဲ့ခြေကန်ချက်တွေနဲ့ အထိနာစေခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ဖမ်းချုပ်မှုတွေ မကြာခဏလုပ်နိုင်ပေမယ့် ပြန်လည်ရုန်းထွက်နိုင်ကြပါတယ်။

တတိယအချီမှာ နက်စ်ယူကင်ရဲ့ လက်သီးချက်တွေ ခြေအမြင့်ကန်ချက်တွေ အန်ဒိုကို တော်တော်ထိခဲ့ပါတယ်။ ဒါပေမဲ့ သုံးချီပြီးဆုံးတဲ့အထိ နှစ်ယောက်စလုံးပွဲမဖြတ်နိုင်လို့ ဒိုင်တွေရဲ့ အဆုံးအဖြတ်ရယူခဲ့ရပါတယ်။

ဒိုင်တွေက လက်ရည်ပိုသာတဲ့ ရုရှဖိုက်တာ နက်စ်ယူကင်ကို အနိုင်ပေးခဲ့ကြပါတယ်။ ဒဏ်ရာကနေပြန်လာတဲ့ နက်စ်ယူကင်အတွက် ဒီပွဲက ၁၁ ပွဲမြောက်နိုင်ပွဲဖြစ်ပါတယ်။ အန်ဒိုကတော့ ၆ ပွဲမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly