အိန္ဒိယ၊ နီပေါ ရေလွှမ်းမိုးမှု သေဆုံးသူ ၁၄၃ ဦးအထိ ရှိလာ

အိန္ဒိယ၊ နီပေါ ရေလွှမ်းမိုးမှု သေဆုံးသူ ၁၄၃ ဦးအထိ ရှိလာ

သြဂုတ် ၁၄ ။               ။ အိန္ဒိယနဲ့ နီပေါ နိုင်ငံတို့မှာ ကြံုတွေ့နေရလျက်ရှိတဲ့ ရေကြီးမှု ဖြစ်စဉ်တွေကြောင့် ယခုအခါ သေဆုံးသူဦးရေ ၁၄၃ ဦးထိ ရှိလာပြီ ဖြစ်ပြီး လူပေါင်းထောင်နဲ့ချီလည်း   နေအိမ်တွေကနေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်ဆိုပြီး တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားလာပါတယ်။

အလားတူ ယခုလို သဘာဝဘေးကြောင့် သေကျေပျက်စီးမှု စာရင်း ပိုမို ရှင်းရှင်းလင်းလင်း ကောက်ယူရရှိလာတာနဲ့အမျှ သေဆုံးသူ ဦးရေ ပိုတိုးလာနိုင်ကြောင်းလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သုံးရက်ကြာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရုတ်တရက် ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့နောက်မှာတော့ နီပေါမှာ အနည်းဆုံး အယောက် ရ၀ ၊ အိန္ဒိယ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ရ၃ ဦး အသီးသီး သေဆုံးသွားကြတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူပေါင်း နှစ်သိန်းကျော်လောက် အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေကြတယ်လို့ သိရပါတယ်။ နီပေါနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဘီဟာပြည်နယ်မှာလည်း လူပေါင်း ၁၅,၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယမန်နေ့ သြဂုတ် ၁၃ ရက်ကလည်း ဟီမာချယ်လ် ပရာဒက်ရှ် ပြည်နယ် တောင်တန်းဒေသမှာ မြေပြိုမှုကြောင့် ခရီးသည်တင်ဘတ်စ်ကား နှစ်စီး ချောက်ထဲ ကျသွားခဲ့ရာကနေတဆင့် လူပေါင်း ၄၆ ဦးထက် မနည်းသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ထားခဲ့ပါတယ်။

နီပေါနိုင်ငံမှာဆိုရင်လည်း ရေလွှမ်းမိုးမှုတွေကြောင့် နေအိမ်အလုံးပေါင်း ၄၈,၀၀၀ ကျော် နစ်မြုပ်နေခဲ့ပြီး ပြည်သူ ၂၁,၀၀၀ လောက်လည်း အိမ်ယာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags