YBS ၃၅ ယာဉ်မှ ဆိုင်ကယ်တစ်စီးအား နောက်မှ ဝင်တိုက်မှုဖြစ်ပွား

YBS ၃၅ ယာဉ်မှ ဆိုင်ကယ်တစ်စီးအား နောက်မှ ဝင်တိုက်မှုဖြစ်ပွား
ဓာတ်ပုံ - ကိုထင်လင်းအောင်

ရန်ကုန်၊ သြဂုတ်လ ၁၄ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ အ.ထ.က ရ ကျောင်းရှေ့တွင် ကွေ့မည့် ဆိုင်ကယ်အား နောက်မှနေ၍  YBS ၃၅ ယာဉ်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ယနေ့ သြဂုတ်လ ၁၄ ရက်၊ နံနက် ၁၁ နာရီ၊ ၁၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်အားဝင်တိုက်ခဲ့သော YBS ၃၅ ယာဉ်မှာ မြောက်ဥက္ကလာမှ ထောက်ကြံ့သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်တိုက်ခံရမှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ ညာဒူးခေါင်းနှင့် ခြေမျက်စိ ပွန်းပဲ့ဒဏ်ရာများ၊ ညာလက် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။

“YBS ၃၅ ကနောက်ကဝင်တိုက်တော့ ဆိုင်ကယ်ကတော့ လွင့်ထွက်သွားတာပေါ့။ ဆိုင်ကယ်ပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦးရယ်၊ လူငယ်လေးတစ်ဦးရယ်။ လူငယ်လေးက တက္ကသိုလ်တက်ဖို့အတွက်  အ.ထ.က ရ ကျောင်းမှာ စာရွက်လာထုတ်တယ်လို့ပြောတယ်။ အဲ့ဒီလူငယ်လေးကတော့ ဒဏ်ရာသိပ်မရပါဘူး။ အမျိုး သမီးကတော့ တံတောင်တွေ ဘာတွေမှာ ဒဏ်ရာတွေ ရသွားတယ်ဗျ။ အရမ်းကြီး ပြင်းပြင်းထန်ထန် ကျိုးတာ၊ ပဲ့တာတို့၊ ခေါင်းပိုင်ဆိုင်ရာထိခိုက်တာတို့တော့ မရှိပါဘူးဗျ”ယာဉ်တိုက်မှုအား သွားရောက် ကူညီ ပေးခဲ့သည့် ကိုထင်လင်းအောင်က ပြောသည်။

အဆိုပါ YBS ၃၅ ယာဉ်မှာ ဆိုင်ကယ်အား ဝင်တိုက်ပြီးနောက် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ အခင်းဖြစ်ပွားနေရာမှ တစ်မိုင်ခန့်အကွာတွင် ထို YBS ယာဉ်အား မိခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေး သွားကြောင်း သိရသည်။

“အခင်းတဲ့နေရာကနေပြီးတော့ တစ်မိုင်လောက်မှာ ကားကိုမိတယ်။ ကားထားပြီး လူက ထွက်ပြေးသွားတယ်။ ခရီးသည်တွေကိုလည်း အဲ့ဒီနေရာမှာပဲချထားခဲ့တယ်။ နောက်ကလိုက်ဖမ်းတဲ့သူတွေက ကားကိုမိတဲ့အချိန်မှာ ခရီးသည်ရော၊ ယာဉ်မောင်းရော မရှိတော့ဘူး”ဟု ကိုထင်လင်းအောင်က ပြောသည်။

လက်ရှိတွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သော အမျိုးသမီးအား ပုလဲမြို့ သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly