ကင်မ်ဂျံုအန်လို အနိုင်ကျင့်ဗိုလ်ကျချင်သူမျိုးကို တစ်ခါတည်း နှာနု ဖြတ်ထိုးပစ်လိုက်မယ်ဆိုပြီး ဂူအမ်အကြီးအကဲ ပြောကြား

ကင်မ်ဂျံုအန်လို အနိုင်ကျင့်ဗိုလ်ကျချင်သူမျိုးကို တစ်ခါတည်း နှာနု ဖြတ်ထိုးပစ်လိုက်မယ်ဆိုပြီး ဂူအမ်အကြီးအကဲ ပြောကြား

သြဂုတ် ၁၄ ။                    ။ တစ်ဘက်သားအပေါ် အနိုင်ကျင့်ဗိုလ်ကျချင်သူတစ်ယောက်ဟာ တစ်ခါတစ်ရံကျတော့လည်း နှာနု ဖြတ်ထိုးလိုက်တာနဲ့ ပြန်မထနိုင်ဘဲ ဖြစ်သွားတတ်တယ်ဆိုပြီး ဂူအမ် ခေါင်းဆောင်ဖြစ်သူက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန် ကို ရည်ညွှန်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ပွဲခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရလျက်ရှိချိန်မှာပဲ  ဂူအမ်ကျွန်းရဲ့ အကြီးအကဲက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက်သတိပေးပြောကြားထားတဲ့   လေသံအတိုင်း လိုက်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဂူအမ် ကျွန်းကို တိုက်ခိုက်မယ်လို့ ပြောထားတဲ့ မြောက်ကိုရီးယားနဲ့အကြား တင်းမာမှုတွေ ပိုမြင့်တက်စေအောင် သမ္မတထရမ့် မီးထိုးလုပ်ဆောင်နေတယ်ဆိုပြီး   ဝေဖန်သူတွေက   ပြစ်တင်ပြောကြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဂူအမ်ရဲ့ အရှေ့ကနေ အမေရိကန်သမ္မတထရမ့် က မားမားမတ်မတ် ရပ်တည်ပေးထားမှုအပေါ် ကျေနပ်ဝမ်းမြောက်မိနေတယ်လို့လည်း ဂူအမ် အုပ်ချုပ်ရေးမှူး အက်ဒီ ကယ်လ်ဗိုကတော့ ဆိုသွားပါတယ်။

  " မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာ တကယ်တော့ အရမ်းအစွမ်းထက်တဲ့လက်နက်တစ်ချို့နဲ့ လူတကာကို ဗိုလ်ကျချင်နေသူတစ်ယောက်ပါ၊ အဲဒီလို လူမျိုးတစ်ယောက်ကိုတော့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားရပါလိမ့်မယ်" လို့ ဂူအမ် အကြီးအကဲ ကယ်လ်ဗိုက ပြောသွားပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာ မြောက်ကိုရီးယားအရေး ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ သမ္မတ ထရမ့်ဟာလည်း မမျှမတ ဝေဖန်ခံနေရတယ်လို့လည်း ၎င်းက ခုခံပြောဆိုပေးသွားပါတယ်။

ယခင် အမေရိကန်သမ္မတတွေတုန်းကလည်း မြောက်ကိုရီးယားတို့အပေါ် ထရမ့်လိုမျိုး ပြင်းထန်တဲ့ သတိပေးမှုတွေ လုပ်ဆောင်ထားခဲ့တာကြောင့် ထရမ့်ကျမှ ပြစ်တင်ခံနေရတာက တရားမျှတမှုမရှိကြောင်း၊ အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားဆိုရင်လည်း မြောက်ကိုရီးယားအပေါ် မိမိတို့၏ လက်နက်တွေနဲ့ လုံ့ဝဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ပြောဆိုခဲ့ဖူးကြောင်း ကယ်လ်ဗိုက ပြောဆိုသွားပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly