မြန်မာပြည်မြောက်ပိုင်းတွင် မိုးပိုလာနိုင်သော်လည်း တစ်ပြည်လုံးအနေအထားအရ ရေကြီးမှု မစိုးရိမ်ရ

မြန်မာပြည်မြောက်ပိုင်းတွင် မိုးပိုလာနိုင်သော်လည်း တစ်ပြည်လုံးအနေအထားအရ ရေကြီးမှု မစိုးရိမ်ရ

ရန်ကုန်၊ သြဂုတ် ၁၄ ။            ။ မြန်မာပြည်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မိုးပိုလာနိုင်သော်လည်း တစ်ပြည်လုံးအတိုင်းအတာအရ ရေကြီးရေလျှံမှု ပြဿနာကို စိုးရိမ်စရာမရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က မဇ္စျိမသို့ပြောသည်။

"ချင်းတွင်းမှာ ရေကြီးတာက မြောက်ပိုင်းမှာ မိုးများလို့ပါ။ တစ်ပြည်လုံးအနေအထားအရ ဒီရက်ပိုင်းအတွင်းမှာ ဖြစ်နိုင်ချေ နည်းပါတယ်" ဟု ဦးထွန်းလွင်က ဆိုသည်။

သြဂုတ်လ ၁၄ ရက်အတွက် မိုးလေဝသအခြေအနေမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့်ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဦးထွန်းလွင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်  အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ခန့် ရေလွတ်ရာသို့ ရှောင်တိမ်းနေထိုင်ခဲ့ရသည်။

ချင်းတွင်း မြစ်ရေ မြင့်တက်မှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့်လ ဇူလိုင်လအတွင်း၌လည်း မြစ်ရေကြီးခြင်း ဖြစ်ပွားခဲ့ခြင်းကြောင့် ခန္တီး ၊ ဟုမ္မလင်း ၊ မော်လိုက် ၊ ကနီ၊ မုံရွာ စသည့် မြို့များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေအထားအရ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများကြောင့် လူ တစ်သိန်းကျော်ခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly