ဘာကီနာဖာဆိုမှ တူရကီစားသောက်ဆိုင်တစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ၁၇ဦးသေဆုံး

ဘာကီနာဖာဆိုမှ တူရကီစားသောက်ဆိုင်တစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ၁၇ဦးသေဆုံး

သြဂုတ် ၁၄ ။             ။ ဘာကီနာဖာဆိုမြို့တော် ကွာဂါဒူဂူမြို့ရှိ စားသောက်ဆိုင်တစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၁၇ဦးခန့် သေဆုံးခဲ့ပြီး ၈ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအဖွဲ့မှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

သေနတ်သမား ၃ဦးသည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် တူရကီစားသောက်ဆိုင်သို့ ကားဖြင့်မောင်းဝင်လာခဲ့ပြီး ဆိုင်အပြင်ဘက်ရှိ ထိုင်ခုံများ၌ ထိုင်နေကြသော လူအများအပြားကို သေနတ်နှင့်တရကြမ်း ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

ထို့နောက်တွင်အစိုးရဘက်မှ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တစ်ညလုံး သေနတ်ပစ်သံများ ကြားနေရကြောင်း အနီးအနားရှိ နေထိုင်သူများက ပြောခဲ့သည်။

“ကွာဂါဒူဂူမြို့ရဲ့ ကွာမီအန်ခရူမာရိပ်သာလမ်းပေါ်က တူရကီစားသောက်ဆိုင်တစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရ တာကြောင့် ၁၇ဦး သေဆုံးခဲ့ပါတယ်။ ၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အစိုးရဘက်မှ ထုတ်ပြန်ခဲ့သည်။

ဆက်သွယ်ရေးဝန်ကြီး ရီမစ်ဒန်ဂျီနောက တိုက်ခိုက်ရန်ပြုသူ အရေအတွက် တိတိကျကျကို မသိရသေးကြောင်း ပြောခဲ့သည်။

“သူတို့တိုက်ခိုက်ခဲ့တဲ့ အဆောက်အဦးရဲ့ တစ်ဘက်ခြမ်းမှာ သူတို့ပိတ်မိနေပါတယ်။ လုံခြံုရေးတွေနဲ့ အထူး တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးစတင်နေကြပြီ ဖြစ်ပါတယ်” ဟု သူက ရုပ်သံမှတဆင့် ကြေညာခဲ့သည်။

“ကျနော်တို့ လူပေါင်း ၁၁ဦးခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီထဲကမှ တူရကီ နိုင်ငံသားတစ်ဦးဟာ ဆေးရုံသွားနေရင်း လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်” ဟု အမည်မဖော်လိုသော ဆေးဘက်အကူတစ်ဦးက ပြောခဲ့သည်။

ရဲတပ်ဖွဲ့များသည် တန်ပြန်စစ်ဆင်ရေးမစမီတွင် အနီးအနားရှိ အရပ်သားများကို ဘေးလွတ်ရာသို့ အရင်ပြောင်း ရွှေ့ပေးခဲ့ပြီး စစ်ဆင်ရေး စတင်သည့်အချိန်တွင် တိုက်ခိုက်မှုများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

အထပ်နှစ်ထပ်ရှိသော တူရကီစားသောက်ဆိုင်၏ ပထမထပ်နှင့် ဒုတိယအထပ်တွင် ဓားစာခံများကို အကြမ်းဖက်သမားများက ဖမ်းဆီးထားကြောင်း စစ်သားတစ်ဦးက ပြောခဲ့သည်။ ဒါ့အပြင် ကွာဂါဒူဂူမြို့တော်ဝန် နှင့် အစိုးရအဖွဲ့မှ ၀န်ကြီးများသည် အခင်းဖြစ်ပွားရာသို့ ရောက်လာခဲ့ကြောင်း သူက ဆက်ပြောခဲ့သည်။

မာလီနှင့် နိုင်ဂျာနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဆင်းရဲသော ကုန်းတွင်းပိတ်နိုင်ငံ ဖာကီနာဖာဆိုတွင် မကြာသေးခင်နှစ်များအတွင်း ဂျီဟတ်ဝါဒီများ၏ အကြမ်းဖက်တိုက်ခိုက်အများအပြားကို ကြံုတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly