မွန်၊ သြဂုတ်၊ ၁၃ ။ ။ မွန်ပြည်နယ်တွင် အိမ်ထောင်စု ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က မီးဖိုချောင်သုံးအတွက် ထင်းနှင့် သစ်သားကို အသုံးပြုကြကြောင်း ၂၀၁၄ ခုနစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ သိရပြီး အများစုမှာ ရော်ဘာစိုက်ခင်းအဟောင်းများမှ ရရှိသောသစ်များ ဖြစ်သည်။
ထိုသို့ ထင်းသုံးစွဲမှုများရှိနေသော်လည်း သစ်တောကို မထိခိုက်ကြောင်း ပြည်နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူက ပြောသည်။
“ထင်းသုံးစွဲမှုပမာဏများပေမယ့် သစ်တောကို မထိခိုက်ပါဘူး။ မွန်ပြည်နယ်မှာက တစ်ပြည်နယ်လုံး အများအားဖြင့်ကတော့ ရော်ဘာစိုက်ခင်းတွေ ရှိတယ်။ ရော်ဘာစိုက်ခင်းအို စိုက်ခင်းဟောင်းတွေကနေပြီးတော့ ထွက်လာတဲ့ ကိုင်းဖျားကိုင်းနားတွေကို ထင်းအဖြစ်နဲ့ သုံးကြတယ်” ဟု ပြည်နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူက ပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် အိမ်ထောင်စုပေါင်း လေးသိန်းကျော်ရှိပြီး ၎င်းတို့အနက်မှ ရ၁.၅ ရာခိုင်နှုန်းဖြစ်သည့် အိမ်ထောင်စု သုံးသိန်းကျော်က အစားအစာချက်ပြုတ်စားသောက်ရန်အတွက် လောင်စာအဖြစ် ထင်းနှင့် သစ်သားကို အသုံးပြုကြခြင်း ဖြစ်သည်။
ရော်ဘာထင်းအပြင် ဥယျာဉ်ခြံများမှ ထွက်ရှိသည့် သစ်ပင်ဟောင်းနှင့် သစ်ကိုင်းများကို အသုံးပြုကြသည်ဟု သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက ဆိုသည်။
မွန်ပြည်နယ်တွင် လူဦးရေ နှစ်သန်းနီးပါးရှိသည့်အတွက် တစ်နှစ်လျှင် မီးဖိုချောင်သုံးအတွက် ထင်းတန်ပေါင်း ၁သန်း အသုံးပြုလျှက်ရှိသည်။
သစ်တောဦးစီးဌာန၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် မီးဖိုချောင်အတွက် ထင်းအသုံးပြုမှုမှာ လူတစ်ဦးလျှင် ပျမ်းမျှ တစ်နှစ်စာအတွက် ၀.၅ တန် ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
သို့ရာတွင် ထင်းသုံးစွဲမှုပမာဏများခြင်းက သစ်တောကို အနည်းနှင့်အများထိခိုက်မှုရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) ၏ မွန်ပြည်နယ် ကိုယ်စားလှယ် မင်းအောင်ထူးက ပြောသည်။
“ ဒီနှုန်းအတိုင်းသာဆက်သွားနေရင်တော့ သစ်တောနဲ့ပတ်သက်ပြီး အနည်းနဲ့အများထိခိုက်မှုရှိမယ်လို့ ယူဆတယ်” ဟု မင်းအောင်ထူးက ပြောသည်။
၎င်းအပြင်မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ကလည်း ထင်းအသုံးပြုမှုက သစ်တောကို အထိုက်အလျှောက်ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။
“ကျေးလက်ဒေသတွေမှာ တောထဲက သစ်ဝါးသုံးစွဲမှုတွေတော့ ရှိနိုင်တယ်” ဟု ပည်နယ်ဦးစီးမှူးဦးစိုးနိုင်က ပြောသည်။
သန်းခေါင်စာရင်းအရ မွန်ပြည်နယ်အတွင်း ထင်းနှင့်သစ်သားကို သထုံ၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့တွင် အများဆုံးအသုံးပြုပြီး မြို့ပြတွင် အသုံးပြုမှုထက် ၄ဆ ကျော် ပိုများသည်။
ထို့ပြင် လျှပ်စစ်မီးအသုံးပြုရန် ငွေကြေးမတတ်နိုင်သည့်အတွက် မီးဖိုချောင်အတွက် ထင်းကိုသာ အသုံးပြုနေရသည်ဟု ပေါင်မြို့နယ်၊ အင်းဗြောင်းကျေးရွာမှ တနိုင်တစ်ပိုင် ထင်းခုတ်ယူသုံးစွဲသူ စောဝေဠု က ပြောသည်။
“သစ်ပင်တွေက နောက်ပို်င်းရှားပါးလာပြီလေ။ မြေလွတ်မြေရိုင်းတွေမှာ သွားခုတ်နေရတာ အရမ်းဝေးတယ်ဗျ။ အကိုင်းခြောက်တွေကို အိမ်အတွက် သုံးစွဲဖို့ရသလိုိ ရောင်းချဖို့အတွက် အဆင်ပြေမယ့်အပင်တွေကို ခုတ်တာလည်းရှိတယ်” ဟု စောဝေဠုက ပြောသည်။
နိုင်ငံသားတိုင်းတွင် သဘာဝတောတောင်ရေမြေထိခိုက်မှုမရှိပါက မီးဖိုချောင်သုံးအတွက် ထင်းကို တနိုင်တစ်ပိုင် ထုတ်ယူသုံးစွဲခွင့်ရှိကြောင်း သစ်တောဥပဒေတွင် ပြဌာန်းထားသည်။
ထို့သို့ ထင်းသုံးစွဲမှုလျှော့ချရန်အတွက် ထင်းအကုန်အကျသက်သာသည့် စွမ်းအားမြှင့်မီးဖိုများကို ဖြန့်ဝေလျှက် ရှိသည်ဟု ပြည်နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူက ပြောသည်။
စွမ်းအားမြှင့်မီးဖိုများကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၃၀၀ ကျော်နှင့် ၂၀၁၇-၂၀၁၈ ခုနစ်တွင် ၂၀၀ ကျော်ကို မွန်ပြည်နယ်အတွင်းရှိ ဒေသခံအစုအဖွဲ့သစ်တောရှိသည့်နေရာ၊ လျှပ်စစ်မီးမရသည့်နေရာများကို ဦးစားပေးဖြန့်ဝေခဲ့သည်ဟု ၎င်းက ဆိုသည်။
၎င်းအပြင် ထင်းဖူလုံမှုရှိစေရန် ကျေးရွာထင်းစိုက်ခင်းများကို အကောင်အထည်ဖော်နေပြီး နေအိမ်ခြံဝင်းများ၊ အများပိုင်နေရာများတွင် စိုက်ပျိုးနိုင်ရန် ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျှက်ရှိကြောင်း မွန်ပြည်နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်တွင် အစားအသောက်ချက်ပြုတ်ရန် လျှပ်စစ်မီး၊ မီးသွေး/လောင်စာတောင့်၊ ဓာတ်ငွေ့ စသည်တို့ကိုလည်း သုံးစွဲကြသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အစားအစာချက်ပြုတ်စားသောက်ရန်အတွက် လောင်စာအဖြစ် ထင်းနှင့် သစ်သားကို ၆၉.၂ ရာခိုင်နှုန်း အသုံးပြုကြပြီး မွန်ပြည်နယ်နှင့် နီးစပ်သည့် ဒေသတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းတွင်မူ အစားအစာချက်ပြုတ်ရန် ထင်းနှင့်သစ်သားကို ၅၂ ရာခိုင်နှုန်းအသုံးပြုပြီး မီးသွေးကို ၄၃ ရာခိုင်နှုန်း အသုံးပြုသည်။