နိုင်ငံတကာ လူငယ်များနေ့ကို မြို့ခံလူငယ်များနှင့် မန္တလေးရောက် တိုင်းရင်းသားများ စုပေါင်းပြုလုပ်

နိုင်ငံတကာ လူငယ်များနေ့ကို မြို့ခံလူငယ်များနှင့် မန္တလေးရောက် တိုင်းရင်းသားများ စုပေါင်းပြုလုပ်

မန္တလေး၊ သြဂုတ်လ ၁၃ ။         ။ နိုင်ငံတကာလူငယ်များနေ့ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် (၂၆)လမ်း နှင့် (၇၅)လမ်းထောင့်ရှိ YMCA ဦးဘအုန်းခန်းမတွင် သြဂုတ်လ ၁၂ရက်၊ ညနေ ၄ နာရီမှ စတင်၍ မန္တလေးမြို့ခံလူငယ်များ နှင့် မန္တလေးရောက် တိုင်းရင်းသားများ စုပေါင်းကာ ၅ ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

'' ၂၀၁၃ ခုနှစ်က စပြီး မန္တလေးမှစပြီး ကျင်းပဖြစ်ခဲ့တယ်၊ ဒီနှစ်က ငါးနှစ်မြောက်ပါ၊ ဒီနှစ်မှာ မန္တလေးမြို့ခံ လူငယ်တွေအပြင် မန္တလေးမြို့ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားတွေကိုလည်း ပါ၀င်ဖို့ ဖိတ်ခေါ်ထားပါတယ်၊ ဒီပွဲမှာ မန္တလေးမြို့ခံဂရပ်ဖစ်တီလူငယ်ပညာရှင်တွေ ပန်းချီပညာရှင်တွေက သူတို့ တတ်ကျွမ်းတဲ့ပညာရပ်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ လူငယ်ခေါင်းစဉ်နဲ့ ပုံဖော်ရေးဆွဲပြသမှုတွေ ပါ၀င်ပါတယ်။ ဒီနှစ်မှာ ရည်ရွယ်ချက် ၄ ခု ချမှတ်ပြီး ကျင်းပတာ ဖြစ်ပါတယ်'' ဟု နိုင်ငံတကာလူငယ်များနေ့ (မန္တလေး) ဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်သူ ကိုမျိုးမင်းအောင်က ပြောသည်။

နိုင်ငံတကာလူငယ်များနေ့ကို (၁) နိုင်ငံတကာ လူငယ်များနေ့သည် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်နိုင်ရန် သတ်မှတ်ထားသောနေ့ ဖြစ်သည်ကို လူအများသိရှိစေရန်၊ (၂) ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံမှ လူငယ်များ ချစ်ကြည်ရင်းနှီးစွာ နေထိုင်နေကြသည်ကို ပြသနိုင်ရန်၊ (၃) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၊ မိမိ တတ်ကျွမ်းသော ပညာရပ်များဖြင့် ပါ၀င်လုပ်ဆောင်နေသည်ကို လူအများက သိရှိလက်ခံလာနိုင်စေရန်၊ (၄) လူငယ်များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး စသော လုပ်ငန်းစဉ်များတွင် အဓိကကျသော နေရာများတွင် ပါ၀င်နေသည်ကို လူအများသိရှိစေရန် စသော ရည်ရွယ်ချက်များ ဖြစ်သည်။

'' မြန်မာ့သမိုင်းကို ပြန်ကြည့်မည်ဆိုရင် နိုင်ငံကို ပြန်လည်တည်ထောင်တဲ့အခါ နိုင်ငံရဲ့ အဓိကကျတဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းဆောင်ရွက်တဲ့အခါမှာ လူငယ်တွေ ပါ၀င်မှု ပိုများပါတယ်၊ ယခုခေတ်မှာ ကြည့်ရင်လည်း လူငယ်တွေ ဦးဆောင်နေတာများပါတယ်၊ ဒါကြောင့် အခုခေတ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ပိုမိုပြီး မြှင့်တင်ပေးဖို့ ၊ လိုအပ်တဲ့ ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ် '' ဟု နိုင်ငံတကာလူငယ်များနေ့ (မန္တလေး) ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်သူ ကိုမျိုးမင်းအောင်က ပြောသည်။

မန္တလေးမြို့တွင် ကျင်းပသော နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော ပြသမှုများ၊ Graffiti လက်ရာများ၊ 3D လက်ရာများ၊ လူငယ်မျက်လှည့်ဆရာများ၏ ငြိမ်းချမ်းရေး သရုပ်ဖော် မျက်လှည့်ပြကွက်များနှင့် တိုင်းရင်းသားညီအကိုမောင်နှမများ၏ ရိုးရာအကများ၊ သီချင်းများနှင့် အခြား ဖျော်ဖြေတင်ဆက်မှုများစွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်များသည် ရိုးရာယဉ်ကျေးမှုနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် ပါ၀င်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၉၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာလူငယ်များနေ့ကို စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်မှ စတင်၍ နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာလူငယ်များနေ့ကို နိုင်ငံအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံအပြားရှိ မြို့များတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာခဲ့ရာ ယခုနှစ် လူငယ်များနေ့ဆောင်ပုဒ်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်သော လူငယ်များခေါင်းစဉ်ဖြင့် ရည်ရွယ်ချက် ၄ ခု ချမှတ်ကာ မန္တလေးမြို့တွင် (၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly