အမေရိကန်၌ ဆန္ဒပြနေသည့် လူအုပ်ကြီးကို ကားနှင့်ဝင်တိုက်ခဲ့သော အမျိုးသားအား လူသတ်မှုဖြင့်တရားစွဲ

အမေရိကန်၌ ဆန္ဒပြနေသည့် လူအုပ်ကြီးကို ကားနှင့်ဝင်တိုက်ခဲ့သော အမျိုးသားအား လူသတ်မှုဖြင့်တရားစွဲ

၀ါရှင်တန်ဒီစီ၊ သြဂုတ် ၁၃ ။            ။ အမေရိကန်ရှိ ဗာဂျီးနီးယားပြည်နယ်မှ ရှားလုတ်ဗီလီမြို့၌ စနေနေ့တွင် လူဖြူလူမျိုးကြီးဝါဒအား ဆန့်ကျင် ဆန္ဒပြနေသော လူအုပ်ကြီးကို အမျိုးသားတစ်ဦးက ကားနှင့်အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့သောကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးကာ ၁၉ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထိုသူအားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ လူသတ်မှုဖြင့် တရားစွဲဆို ခဲ့သည်။

ရှားလုတ်ဗီလီရဲတပ်ဖွဲ့က ၄င်းတို့သည် အိုဟိုင်းအိုးပြည်နယ်တွင် နေထိုင်သည့် အသက် ၂၀အရွယ်ရှိ ဂျိမ်းစ်အဲလက်စ်ဖီးလ်ဂျူနီယာဟု အမည်ရသော အမျိုးသားကို အယ်လ်ဘာမာလီအကျဉ်းထောင်၌ ထိန်းသိမ်း ထားကြောင်း ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်အချက်အရ ထိုအမျိုးသားကို လူသတ်မှုဖြင့်စွဲချက်တစ်ခု၊ ဒဏ်ရာရရှိစေမှုဖြင့် စွဲချက်သုံးခု၊ ကားဖြင့်တိုက်ကာ ထွက်ပြေးမှုဖြင့် စွဲချက်တစ်ခု စသည့်စွဲချက်တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထိုသူသည် လူဖြူလူမျိုးကြီးဝါဒကို ဆန့်ကျင်သည့်အနေဖြင့် ချီတက်ဆန္ဒပြနေကြသည့် လူအုပ်ကြီးကို တမင် ရည်ရွယ်ချက်ရှိရှိ ၀င်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရပြီး ဒေသတွင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး အယ်လ်သောမတ် က ထိုလုပ်ရပ်သည် လက်မခံနိုင်စရာဖြစ်ပြီး ကြိုတင်ကြံစည်ထားသော တိုက်ခိုက်မှုဖြစ်ကြောင်း ပြောခဲ့သည်။

သေဆုံးခဲ့သူမှာ အသက် ၃၂နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း သူကဆက်ပြောခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုတိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချခဲ့ပြီး “ ကျနော်တို့အားလုံး စည်းလုံးညီညွတ်ပြီးတော့ အမုန်းတရားနဲ့ ရပ်တည်နေကြသူတွေကို ဝေဖန်ရှုံ့ချကြရပါမယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီလိုအကြမ်းဖက်သူတွေအတွက် နေရာမရှိပါဘူး။ တစ်သွေးတည်း တစ်သားတည်းဖြစ်အောင် နေကြပါစို့” ဟု သူ၏ တွစ်တာစာမျက်နှာ၌ ရေးသားပြောဆိုခဲ့သည်။

ဒါ့အပြင် “ ယနေ့မှာကွယ်လွန်သွားတဲ့ အမျိုးသမီးလေးအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ခံစားရ ပါတယ်။ ဗာဂျီးနီးယားပြည်နယ် ရှားလုတ်ဗီလီမြို့က ဒဏ်ရာရရှိတဲ့သူတွေအားလုံး အခြေအနေကောင်းမွန်ကြ ပါစေ။ အရမ်းဝမ်းနည်းရပါတယ်” ဟုလည်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly