မန္တလေး၊ သြဂုတ် ၁၃ ။ ။ မန္တလေးတိုင်းဒေသကြီးရှိ အစိုးရနှင့် ပရဟိတရုံးတည်နေရာများ၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို မိုဘိုင်းအက်ပလီကေးရှင်းဖြင့် သိရှိနိုင်မည်ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပြူတာပညာရှင်များအသင်း ဥက္ကဋ္ဌ ကိုဥက္ကာကျော်က ပြောသည်။
အဆိုပါ IROUTE အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းကို မန္တလေးနှင့် မိတ္ထီလာကွန်ပျူတာတက္ကသိုလ် မှ နောက်ဆုံးနှစ် ကျောင်းသား/သူ (၃၆)ဦးနှင့်မန္တလေးတိုင်းဒေသကြီးကွန်ပျူတာရှင်များအသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းတို့က တိုင်းဒေသကြီးအစိုးရ၏ ထောက်ပံမှုဖြင့် ပူးပေါင်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။
“တစ်ခုခုများ ရုတ်တရက်အရေးပေါ်ဖြစ်လာပြီဆို ဖုန်းထဲမှာရှိတဲ့ အက်ပလီကေးရှင်း ကိုဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ရောက်နေတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ မီးသတ်စခန်းတွေ ဆေးရုံတွေ ပရဟိတတွေက သတင်းအချက်လက်တွေကို Map ပေါ်မှာ ပြပေးမယ်။ ကိုယ်နဲ့အနီးဆုံးလို့ထင်တဲ့နေရာကို ထောက်လိုက်တာနဲ့ သတင်းအချက်အလက်အသေးစိတ်ကို ပြပေးမယ်။ အဖွဲ့အစည်းနာမည်၊လိပ်စာနဲ့ဖုန်းတို့ ပါမယ်။ အက်ပလီကေးရှင်းထဲမှာမှ ဖုန်းခေါ်တဲ့ Feature တွေပါမယ်”ဟု ကွန်ပြူတာလုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ကိုရဲရင့်အောင်ကပြောသည်။
အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်းဖြင့် မီးသတ်ရေငုပ်၊ မီးသတ်စခန်း၊ ရဲစခန်း၊ ပရဟိတရုံး၊ဆေးရုံ၊ကျောင်း တက္ကသိုလ် နှင့် ရေကန်အစရှိသော တည်နေရာများကို မိမိရောက်ရှိနေသောနေရာမှ မိုဘိုင်းဖုန်းဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အားလုံးက ဆိုရှယ်မီဒီယာဆိုတဲ့ခေတ် ဆိုပြီး ရောက်နေတဲ့အချိန်မှာ လူတိုင်းလက်ထဲမှာ မိုဘိုင်း၊ တက်ဘလက်တွေရှိနေတေဲ့အခါမှာ သတင်းအချက်အလက်ကို လွယ်လွယ်ကူကူနဲ့လျင်လျင်မြန်မြန်ထိထိရောက်ရောက် သိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟု အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်း ရေးဆွဲရခြင်း အကြောင်းကို ကိုဥက္ကကာကျော်က ပြောသည်။
အဆိုပါ IROUTE အက်ပလီကေးရှင်းကို လွန်ခဲ့သောသုံးလခန့်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“သူတို့တတ်တဲ့ပညာနဲ့ သူတို့အသုံးချနိုင်အောင် တစ် အချက်ပါ ။ နှစ် အချက်က သူတို့ အသုံးချလိုက်တဲ့ ပညာရပ်ဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် လိုအပ်နေတဲ့ Programming တွေ ရရှိနိုင်အောင်ရယ် လုပ်ငန်းကိုင်ငန်းတွေမှာ အသုံးဝင်လာအောင် ကျွန်တော်တို့က ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။
အဆိုပါ အက်ပလီကေးရှင်းကို ယခုနှစ်အတွင်း အများပြည်သူ အခမဲ့အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။