ပါကစ္စတန်၌ စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် ၁၅ဦးခန့်သေဆုံး

ပါကစ္စတန်၌ စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် ၁၅ဦးခန့်သေဆုံး
Photo-efe-epa

ပါကစ္စတန်၊ သြဂုတ် ၁၃ ။            ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှ ဘာလိုချစ္စတန်ခရိုင်အတွင်း၌ စနေနေ့ညက စစ်တပ်ယာဉ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြင်းထန်သော   ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၅ဦး ခန့် သေဆုံးခဲ့ကာ ၃၂ဦးခန့် ဒဏ်ရာရရှိ်ခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ထိုပေါက်ကွဲမှုသည် ခရိုင်မြို့တော် ကွေတာအတွင်းရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုပြီးနောက်တွင် ထိုနေရာတစ်ဝိုက်၌ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

တာဝန်ကျနေသော စစ်ယာဉ်တန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခြားယာဉ်များလည်း မီးလောင်ကျွမ်းခဲ့ရကြောင်း ပါကစ္စတန်စစ်တပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“မီးလောင်စေတတ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့တာပါ။ ဒါကြောင့် အနီးအနားမှာရှိတဲ့ အခြားယာဉ် တွေလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ အရပ်သား ရ ဦးအပါအဝင် စုစုပေါင်း ၁၅ဦးခန့် သေဆုံးခဲ့ရပါတယ်” ဟု ထိုထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားပြီး ဒဏ်ရာရရှိခဲ့သူများကို စစ်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခရိုင်၏ပြည်ထဲရေး ၀န်ကြီးဖြစ်သူ ဆာဖရက်ဇ်ဘက်ဂ်တီနှင့် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အန်ဝါကူလ်ဟတ် ကာကာတို့က သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရရှိသူစာရင်းတို့ကို အတည်ပြုပေးခဲ့သည်။

မီးသတ်သမားများသည် အရှိန်အဟုန်နှင့် လောင်ကျွမ်းနေသော မီးကိုငြိမ်းသတ်နေကြပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း ဘက်ဂ်တီက ပြောခဲ့သည်။

သမ္မတမန်နွန်းဟူစိန်၊ စစ်တပ်အကြီးအကဲဖြစ်သူ ကွာမာဂျာဗက်ဘက်ဂျ်ဝါနှင့် ၀န်ကြီးချုပ်ဟောင်း နာဝတ်ဇ်ရှာ ရစ်ဖ် တို့အားလုံးက အဆိုပါတိုက်ခိုက်မှုအား ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ယခုတိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းကမှ ၄င်းတို့လက်ချက်ဟု ကြေညာခြင်းမရှိသေးသော်လည်း တာလီဘန်တို့နှင့် အိုင်အက်စ်အဖွဲ့တို့သည် ယခင်က ကွေတာမြို့အား မကြာခဏဆိုသလို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly