ဘ/ကကျောင်းမှ ဖျားနာကလေး (၁၁)ဦး မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေး

ဘ/ကကျောင်းမှ ဖျားနာကလေး (၁၁)ဦး မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေး

မကွေး၊ သြဂုတ် ၁၂ ။            ။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ပေတောကျောင်းကုန်းကျေးရွာ ဘ/ကကျောင်းမှ ဖျားနာကလေး (၁၁)ဦးအား သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက အရေးပေါ် ကုသရန် မကွေးတိုင်းပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရကြောင်း ပွင့်ဖြူ သမ္မာဆန္ဒနာမှုကရုဏာရှင်များ နာမှုကူညီရေးအသင်းထံမှ သိရသည်။

“ပြီးခဲ့တဲ့ သြဂုတ်လ (၅)ရက်နေ့က ဒီကျောင်းကပဲ။ အသက် ၁၃ နှစ်အရွယ် မယ်သီလရှင်လေး မကွေးဆေးရုံ တက်ရပါတယ်။ သြဂုတ်လ (၆)ရက်နေ့မှာ ရာသီတုပ်ကွေးရောဂါ A(H1N1)ပိုး တွေ့ရတယ်လို့ သိရပါတယ်။ အခုတော့ သက်သာကောင်းမွန်လာနေပါပြီ။ ဒါပေမယ့် အခု ဒီက ကလေးတွေ ထပ်ဖျားကြတော့ စိုးရိမ်ပူပန်ကြပြီး အခုလို တိုင်းဆေးရုံ လာရောက်ပို့ဆောင်ပေးတာပါ၊ ဆေးရုံမှာ (၃) ဦး တင်ခဲ့ရပါတယ်။ ကျန်တဲ့ကလေး(၈)ဦးကိုတော့ သောက်ဆေးတွေပေးပြီး ပွင့်ဖြူ ကို ပြန်ခေါ်ခဲ့ရပါတယ်”ဟု သမ္မာဆန္ဒနာမှုှုကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ကိုပေတူးကပြောသည်။

အဆိုပါကျောင်းမှ ထပ်မံဖျားနာကလေးများမှာ သွေးလွန်တုပ်ကွေးကြောင့် ဖြစ်ကြောင်း လတ်တလော စစ်ဆေးတွေ့ရှိရသည်။

“ဘကကျောင်းက ကလေးစုစုပေါင်း(၇)ဦး ဆေးရုံတင်ထားရပါတယ်၊ ဒီနေ့ နောက်တိုး လူနာစောင့် ကလေး(၁)ဦး အပူကြီးလို့ ထပ်မံဆေးရုံတင်လိုက်ရပါတယ်၊ သွေးလွန်တုုပ်ကွေးဖြစ်တာ (၁ဦး) ကျန်တဲ့သူတွေက ရိုးရိုးတုပ်ကွေး ဖြစ်တာလို့ သိရပါတယ်” ဟု ကိုပေတူးကပြောသည်။

ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်ကျေးရွွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကလေးငယ်များ ဖျားနာနေသည် ဆိုသည့် ့သတင်းနဲ့ပတ်သက်ပြီး ကလေးငယ်အချို့ ဖျားနာနေတာဖြစ်ကြောင်း၊ ရာသီတုပ်ကွေး လက္ခဏာ မပြင်းထန်အဆင့်(Influenza like illness)သာ ဖြစ်ကြောင်း၊ အဆိုပါရွာတွင် ပွင့်ဖြူမြို့နယ် ကျန်းမာရေးဌာနမှ ဆေးခန်းဖွင့်လှစ်ထားရှိပြီး Non contact Thermometer ဖြင့် အဖျားရှိသူများရှာဖွေ စောင့်ကြည့်ခြင်း Fever surveillance ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“မကွေးတိုင်းဆေးရုံကြီးမှာလွှဲပြောင်းကုသထားတဲ့ ကလေးတွေ ကျန်းမာရေးကောင်းမွန်ပါတယ်၊ သူတို့ရဲ့ နှာခါင်းနဲ့ အာခေါင်တို့ဖတ်ကို ရန်ကုန်မြို့အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင် စစ်ဆေးထားပါတယ်၊ ကျန်းမာရေးဌာနက ထုတ်ဝေထားတဲ့ ရာသီတုပ်ကွေးရောဂါအတွက် ဆောင်ရန် ရှောင်ရန်များကို တစ်ဦးတစ်ယောက်ချင်းမှ အစပြု၍ အားလုံးလိုက်နာပေးကြပါရန် ကျန်းမာရေးဌာနအနေနဲ့  တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်”ဟုတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၂၉ ရက်နေ့မှသြဂုတ်လ ၁၁ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ A(H1N1) ပိုးတွေ့ရှိလူနာ(၆)ဦးရှိပြီး(၁)ဦး သေဆုံးခဲ့ကာ ကျန်(၅)ဦးမှာ ကျန်းမာရေး ကောင်းမွန်သက်သာလာပြီ ဖြစ်ကြောင်း ဒေါက်တာထွန်းအောင်ကြည်က ဆက်လက်ပြောကြားသည်။

ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းဘ/က စာသင်ကျောင်းတွင် စစ်ဘေးရှောင် တိုင်းရင်းသားကလေးငယ်များ၊ ကိုရင်လေးများနှင့် မယ်သီလရှင်ဆရာလေးများ စုစုပေါင်း (၁၃၀)ဦးကျော် ရှိနေပါကြောင်း၊ ပွင့်ဖြူ ပေတောကျောင်းကုန်းကျေးရွာ နှင့် ပေတောကျောင်းကုန်း ဘကစာသင်ကျောင်းအား နယ်မြေခံအစိုးရ တာဝန်ရှိသူများ အနေဖြင့် အထူးကြပ်မတ် ဆောင်ရွက်ကြဖို့ လိုအပ်နေပါကြောင်း မကွေး၊ ပွင့်ဖြူ လူမှုပရဟိတအဖွဲ့များက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly