မြန်မာယူ-၁၈အသင်းအဓိကပစ်မှတ်မှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဟု နည်းပြဆို

မြန်မာယူ-၁၈အသင်းအဓိကပစ်မှတ်မှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဟု နည်းပြဆို

သြဂုတ် ၁၂၊ ရန်ကုန်။             ။ သြဂုတ်လ ၁၁ ရက်က အီတလီစီးရီအေကလပ် အင်တာမီလန်အသင်းနှင့်ခြေစမ်းကစားခဲ့ရာတွင် ၄ - ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ အဓိကပစ်မှတ်မှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်ဖြစ်သည်ဟု မြန်မာယူ-၁၈ အသင်းနည်းပြချုပ် ဘန်လာဘီကပြောသည်။

မြန်မာယူ-၁၈ အသင်းမှာ အင်တာမီလန်အသင်းနှင့်ခြေစမ်းကစားခဲ့သောပွဲတွင် ဥရောပအဆင့်မြင့်ကလပ် အသင်းတစ်သင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုးရခဲ့သည့်အတွက် ပရိသတ်အားပေးမှုရရှိခဲ့သည်။ အင်တာမီလန်လိုအဆင့်မြင့်အသင်းတစ်သင်းနဲ့ကစားခွင့်ရခဲ့တဲ့အတွေ့အကြံုက အသင်းအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒီပွဲမှာ ရလဒ်ပိုင်း အဓိကမထားဖို့ ကျွန်တော်ပြောထားပြီးသားပါ။ ကစားကွက်နဲ့လူကို အဓိကထား စမ်းသပ်မှာပါ။ အသင်းရဲ့အဓိကပစ်မှတ်က အာဆီယံချန်ပီယံရှစ်ပါ။ အသင်းက ကစားသမားတွေကို ကစားကွက်ကျေညက်ဖို့အတွက် အင်တာမီလန်နဲ့ပွဲမှာစမ်းသပ်မှာပါ။ ဟု ဘန်လာဘီကပြောသည်။

မြန်မာယူ-၁၈အသင်းကို လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းကစုစည်းလေ့ကျင့်ထားပြီး ပြင်သစ်လူမျိုးနည်းပြ ဘန်လာဘီအသင်းကိုကိုင်တွယ်နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။ ၂၀၁၇ အာဆီယံယူ-၁၈ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၄ ရက်မှ ၁၇ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းနှင့်အောင်ဆန်းကွင်းများတွင် ကျင်းပမည်ဖြစ်သည်။ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ)တွင် မြန်မာအသင်းမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်အသင်းများနှင့်တစ်အုပ်စုတည်း ကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly