အိန္ဒိယ ဘုရားဖူး လူအုပ်ပြိုမှု အနည်းဆုံး ၁၁ဦး သေဆုံး

အိန္ဒိယ ဘုရားဖူး လူအုပ်ပြိုမှု အနည်းဆုံး ၁၁ဦး သေဆုံး

ဒန်ဘတ်၊ သြဂုတ် - ၁၀ ။         ။ အိန္ဒိယနိုင်ငံ ဂျာခန်းပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် လူအုပ်ပြိုမှုကြောင့် အနည်းဆုံး လူ၁၁ဦး သေဆုံးခဲ့ရပြီး ၅၀ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ချီမှ ကီလိုမီတာ ၃၅၀ကွာဝေးသည့် ဒီရိုဂါ ဂျက်ဆီဒီပေါ်မှ ဘီလာဘာဂန်မိုးရှိ ဒါဂါဘုရားကျောင်းအနီးတွင် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ဲခြင်းဖြစ်သည်ဟု အရပ်ဖက်ခွဲစိတ်ဆရာဝန် ဒီဝါကာ ကာမတ်က PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘုရားဖူးများက လူတန်းကို ချိုးဖောက်ပြီး ဘုရားကျောင်းဆီသို့ ပြေးလွှားကြရာမှ နံနက် ၅နာရီခန့်တွင် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများကို အနီးအနား မှဆေးရုံတစ်ရုံတွင် ကုသပေးလျှက်ရှိသည်။

ဂျာခန်းပြည်နယ် ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူများ၏ ဆွေမျိုးသားချင်းများကို ရူပီး တစ်သိန်းနှင့် ဒဏ်ရာရသူများကို ရူပီး ၅သောင်း လျော်ကြေးပေးမည်ဟု ကြေညာခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အင်အင်ပန်ဒေး၊ ရဲညွှန်ကြားရေးမှူးချုပ် အက်စ်အင် ပရာဒန်နှင့် အခြားအရာရှိများက ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်လျှက်ရှိပြီး ဒဏ်ရာရသူ ၃၀ကျော်ကိုလည်း ကုသပေးလျှက် ရှိသည်ဟု ဆိုသည်။

''ဂျာခန်းမှာ လူအုပ်ပြိုလို့ အသက်ဆုံးရှုံးရတာတွေကို နာကျင်ခံစားရပါတယ်။ ဒီပူဆွေးရတဲ့အချိန်မှာ သေဆုံးသူများရဲ့ မိသားစုဝင်တွေနဲ့အတူ ဆုတောင်းပါတယ်''ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ကပြောကြား ခဲ့သည်။

ဟိန္ဒူပြက္ခဒိန်၏ ရှရာဝမ်လတွင် ဘုရားဖူး သိန်းသုံးဆယ်ကျော်ခန့်မှာ ဘေယာနတ်ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းလေ့ရှိကြပြီး  တနင်္လာနေ့များတွင်မူ အရေအတွက်မှာ မြင့်မားသွားလေ့ရှိပြီး ထိုနေ့တစ်နေ့တည်းတွင် ရှိခိုးဆုတောင်းသူ ဘုရားဖူးအရေအတွက်မှာ ၂သိန်းခန့်ရှိသည်။

အိန္ဒိယဘာသာရေးပွဲတော်များတွင် နေရာကျဉ်းကျဉ်းနှင့် မဆန့်အောင် ဧရာမလူအုပ်ကြီးများက တိုးဝှေ့နေပြီး၊ လူအုပ်ထိန်းချုပ်သည့် ဆောင်ရွက်ချက်များလည်း မရှိသောကြောင့် လူအုပ်ပြိုသေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly