ရခိုင်အပါအဝင် တစ်ပြည်လုံးရှိ ကုလဝန်ထမ်းတွေ လုံခြံုရေးသတိရှိဖို့ ထုတ်ပြန်ထား

ရခိုင်အပါအဝင် တစ်ပြည်လုံးရှိ ကုလဝန်ထမ်းတွေ လုံခြံုရေးသတိရှိဖို့ ထုတ်ပြန်ထား
ဓာတ်ပုံ - မောင်တော ငါးခူရရွာအတွင်း မြင်ကွင်းများ (EPA)

ရန်ကုန် ၊ သြဂုတ် ၁၂ ။          ။ ရခိုင်ပြည်နယ်အပါအဝင် တစ်ပြည်လုံးတွင် အလုပ်လုပ်နေကြသည့် ကုလသမဂ္ဂ ၀န်ထမ်းများကို လုံခြံုရေးသတိဖြင့် သွားလာနေထိုင်ကြရန် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးက ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည်။

"လုံခြံုရေးအရ သိထားရမယ့် အချက်တွေကို ပုံမှန်ထုတ်နေကျပါ။ အခင်းဖြစ်နိုင်တဲ့ နေရာတွေ ဒါမှမဟုတ် လုံခြံုရေးအရ အခင်းဖြစ်ပွားနိုင်တဲ့ နေရာတွေကို ကြိုပြီး သတိပေးတာပဲ။ ဘယ်နေရာကို ရည်ရွယ်ပြီးတော့ ထုတ်တာတော့မဟုတ်ဘူး" ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက မဇ္စျိမသို့ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး INGOs များ ပြည်နယ်အတွင်းမှ ထွက်ခွာရေး၊  ပြည်သူ့စစ် ဖွဲ့စည်းပေးရေး၊ လုံခြုံရေး တိုးမြင့်ပေးရေးတို့ကို စစ်တွေမြို့ရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းတော်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ရန် စီစဉ်နေသည်။

ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်ပူပန်မှုရှိကာ လုံခြံုရေးသတိရှိရန် ကုလသမဂ္ဂ၏ သတိပေး ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ "ကုလသမဂ္ဂဘက်ကလည်း အဲ့သတင်းတွေကြားတယ်၊ အဲ့တော့ UN ၀န်ထမ်းတွေ အသွားအလာ အနေအထိုင်ဆင်ခြင်ဖို့ သတိပေးတာပဲ ရှိတယ်" ဟု ဦးအေးဝင်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း၌ သြဂုတ်လ ၁၃ ရက်နေ့တွင်ပြုလုပ်မည့် အဆိုပါ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး မည်ကဲ့သို့ လုံခြံုရေးအခြေအနေ စီစဉ်ထားမှုရှိမရှိ သိရှိရန် ရခိုင်ပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးမင်းအောင်ထံ မဇ္စျိမက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်  ကလည်း ရခိုင်ပြည်နယ်အတွင်း၌ ကုလသမဂ္ဂရုံးများ တိုက်ခိုက်ဖျက်ဆီးခံရသည့်အထိ ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများ ကြံုခဲ့ရသည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly