ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး နှစ်မျိုးစလုံးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး နှစ်မျိုးစလုံးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန် သြဂုတ် ၁၁ ။          ။  မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးနှစ်မျိုးစလုံးအရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင်ယနေ့ စတင်ကျင်းပသည့် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်သုံးသပ်ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

အစိုးရသစ် သက်တမ်းအစောပိုင်းကာလတွင်မူ ငြိမ်းချမ်းရေးရမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု NLDထိပ်ပိုင်းခေါင်းဆောင်များက ပြောခဲ့ကြပြီး ယနေ့ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က   နှစ်မျိုးစလုံးအရေးကြီးကြောင်းနှင့် ဖွံ့ဖြိုးရေးက ပိုအရေးကြီးကြောင်း ယူဆသည့် အမြင်များကို  သဘောမတူကြောင်း ပြောသွားခဲ့သည်။

“ပြည်တွင်းစစ်မီးတွေ မငြိမ်းနိုင်တဲ့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ ပထမဆုံးနဲ့ အရေးအကြီးဆုံးကိစ္စ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဦးစားပေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တချို့က ဖွံ့ဖြိူးရေးကသာ အရေးကြီးတယ်။ ဖွံ့ဖြိုးရေးရလို့ရှိရင် အလိုလို ငြိမ်းချမ်းရေးရမယ်လို့ ပြောတဲ့သူတွေရှိပါတယ်။ ဒီအမြင်ကို ကျွန်မ သဘောမတူပါဘူး။ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးက ခွဲပြီးကြည့်လို့ မရပါဘူး။ ငြိမ်းချမ်းရေး မရရင် ဖွံ့ဖြိုးရေးဆိုတာ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ဘူး။ ဖွံ့ဖြိုးရေးမရှိရင်လည်း ငြိမ်းချမ်းရေးဟာ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံးအတွက် ကျွန်မတို့ ကြိုးစားဖို့လိုပါတယ် ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရသစ်သက်တမ်း တစ်နှစ်ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းရေးကိုပဲ ဦးစားပေးလွန်းနေသည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

၈၈မျိုးဆက် ဦးကိုကိုကြီး၊ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင် အပါအဝင် ဝေဖန်သူများက NLDအစိုးရအနေဖြင့် ငြိမ်းချမ်းရေးနည်းတူ စီးပွားရေးကိုလည်း ဦးစားပေးသင့်ကြောင်း ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးထက် စီးပွားရေးကို ပိုမိုစားပေးရမည်ဟု ဝေဖန်ခဲ့ကြခြင်းမဟုတ်ပေ။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတွင် ဘယ်အရာက ဦးစားပေး အဆင့်၁ဖြစ်သင့်တယ်လို့မယူကြောင်းနှင့် ငြိမ်းချမ်းရေးက အရေးကြီးသည်ဆိုခြင်းကို ဘယ်တုန်းကမှ မငြင်းဆိုခဲ့ဖူးကြောင်း ဦးကိုကိုကြီးက မဇ္စျိမကို ပြောသည်။

မူဝါဒရေးရာနှင့်မဟာဗျူဟာလေ့လာသုံးသပ်ရေး အင်စတီကျုမှ ဦးမင်းဇင်ကလည်း  “အစိုးရသစ် စကတည်းက ကျွန်တော် ပြောတယ်။ ငြိမ်းချမ်းရေးသည် ပထမ။ ငြိမ်းချမ်းရေးသည် ဒုတိယ။ ငြိမ်းချမ်းရေးသည် တတိယဆိုပြီး လုပ်လို့မရဘူး။ ကျွန်တော်တို့နိုင်ငံမှာ ပြသနာတွေ အများကြီး ရှိတယ်။ အထူးသဖြင့် လေးမျိုးရှိတယ်။ တစ်ခုက ဒီမိုကရေစီအသွင် ကူးပြောင်းရေး။ နောက်တစ်ခုက အရပ်ဘက်စစ်ဘက် ဆက်ဆံရေး။ နောက်တခု တိုင်းရင်းသားအရေး။ နောက်ဆုံး တစ်ခုက စားဝတ်နေရေး။ စားဝတ်နေရေးမှာက ဆင်းရဲမွဲတေမှုတင်မကတော့ဘူး။ မညီမျှမှုပြဿနာပါ တက်လာတယ်။ မညီမျှမှုဖြစ်လို့ ရာဇဝတ်မှု ပိုဖြစ်လာတာ။ ဘာမှမဟုတ်တဲ့ ပိုက်ဆံလေးနဲ့ လုတာယက်တာ သတ်တာတွေဖြစ်နေကြတာ။ မူးယစ်ဆေးဝါးပြဿနာတွေကလည်း ပိုဆိုးနေတာ။ ခြံုပြောရရင် ဒီပြသနာလေးခုကို ဟန်ချက်ညီညီ မကိုင်တွယ်ပဲတစ်ခုတည်းကိုပဲ ဦးစားပေးပြီး စိုက်လိုက်မတ်တပ်လုပ်မယ်ဆိုရင် ကြက်ဥတွေ အကုန်လုံး ခြင်းတစ်ခုထဲ ထည့်သလိုဖြစ်မှာပေါ့။ အဲဒီခြင်းကွဲရင်အကုန်ကွဲမှာလေ ”ဟု မဇ္စျိမ၏အင်တာဗျူးတစ်ခုတွင် ယခုနှစ်မေလအတွင်းက ပြောခဲ့သည်။

ယင်းကဲ့သို့ ဝေဖန်သံတွေထွက်ပေါ်ခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးနှစ်မျိုးစလုံး အရေးကြီးကြောင်းထုတ်ပြောလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly