ဆီးဂိမ်းတွင် ကစားသမားများ မခံချင်စိတ်ဖြင့် ပြဿနာမဖြစ်ပွားစေရန် ဦးဇော်ဇော် သတိပေး

ဆီးဂိမ်းတွင် ကစားသမားများ မခံချင်စိတ်ဖြင့် ပြဿနာမဖြစ်ပွားစေရန် ဦးဇော်ဇော် သတိပေး

သြဂုတ် ၁၁၊ ရန်ကုန်။                    ။ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၇ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၂လက်ရွေးစင်ကစားသမားများအနေဖြင့် အောင်မြင်မှုရရှိရန် ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဖြစ်သော်လည်း မခံချင်စိတ်ဖြင့် မလိုလားအပ်သော ပြဿနာများမဖြစ်ပွားစေရန် ထိန်းသိမ်းရမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သတိပေးပြောကြားခဲ့သည်။

မြန်မာယူ-၂၂လက်ရွေးစင်အသင်းမှာ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု(က)တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဆင့်ကို   ကျော်ဖြတ်ရန် မလေးရှား၊ စင်ကာပူအသင်းများကိုအဓိကထားယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ တစ်နိုင်ငံလုံးဆန္ဒကိုဖြည့်ဆည်း ပေးနိုင်ဖို့အခုမှတာဝန်အစပဲရှိသေးတယ်။ ကြိုးစားရင် မဖြစ်နိုင်တာ မရှိဘူး။ ဒါပေမယ့် မခံချင်စိတ်နဲ့ပြဿနာဖြစ်ပွားတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ဘူး။ အုပ်ချုပ်သူ၊ နည်းပြတွေကိုပါ မှာချင်ပါတယ်။ အရင်လိုပြဿနာဖြစ်ပွားတာမျိုး ဆီးဂိမ်းမှာလုံးဝမတွေ့ချင်ပါဘူး။ ဟု ဦးဇော်ဇော်ကပြောသည်။

ထို့အပြင် ဦးဇော်ဇော်က အိမ်ရှင်မလေးရှားအသင်းနှင့်ပွဲစဉ်အပါအဝင် မလေးရှားနိုင်ငံတွင်နေထိုင်စဉ်ကာလ အတွင်းလည်းအပြုအမူအပြောအဆိုများကိုထိန်းသိမ်းရန် ကစားသမားများကို သတိပေးခဲ့သည်။ အိမ်ရှင်အသင်းနဲ့ကစားမယ့်ပွဲမှာ အားလုံးရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေ ဆင်ခြင်ဖို့လိုပါတယ်။ ကစားသမားအားလုံးကို မေတ္တာရပ်ခံပါတယ်။ အားကစားမှာ ဘာသာလည်း မရှိပါဘူး။ အသားအရောင်ခွဲခြားမှုလည်း မရှိဘူး။ ခွဲခြားဆက်ဆံမှု လုံးဝမရှိတာကို အားကစားလို့ခေါ်တယ်။ မလိုလားအပ်တာတွေကို အသုံးချပြီး ရန်များအောင်၊ ရန်ဖြစ်အောင် လုပ်တာမျိုး မဖြစ်ပါစေနဲ့။ အားကစား စည်းမျဉ်းအတိုင်းလိုက်နာဖို့ အကြံပေးချင်ပါတယ်။ ဟု ဦးဇော်ဇော်ကဆိုသည်။

မြန်မာယူ-၂၂အသင်းမှာ ဆီးဂိမ်းကျင်းပမည့်မလေးရှားနိုင်ငံသို့ သြဂုတ်လ ၁၁ ရက် နံနက်က ထွက်ခွာခဲ့ပြီး အုပ်စုအဖွင့်ပွဲအဖြစ် သြဂုတ် ၁၄ တွင် စင်ကာပူအသင်းနှင့်စတင်ကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly