မြောက်ကိုရီးယားကို ပြောခဲ့တဲ့ ခြိမ်းခြောက်စကား ပြင်းထန်မှု လျော့နေသေးတယ်ဟု ထရမ့် ပြောပြန်

မြောက်ကိုရီးယားကို ပြောခဲ့တဲ့ ခြိမ်းခြောက်စကား ပြင်းထန်မှု လျော့နေသေးတယ်ဟု ထရမ့် ပြောပြန်

 သြဂုတ် ၁၁ ။           ။ ယခုသီတင်းပတ်အစောပိုင်းတုန်းက  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားတို့အပေါ် ပြင်းထန်တဲ့ ခြိမ်းခြောက်သတိပေးချက်တစ်ခု ထုတ်ဖော်ပြောဆိုခဲ့တဲ့နောက် အပြန်အလှန်တင်းမာမှုတွေ ပိုမိုမြင့်သထက်မြင့်တက်ခဲ့ပြီး စစ်ပွဲအရိပ်အယောင်တွေပါ မြင်လာရတဲ့အထိ အခြေအနေတွေ ဆိုးရွားလာနေခဲ့ပါတယ်။

ပြုံယမ်းအာဏာပိုင်တွေကို ဒေါသူပုန်ထစေခဲ့တဲ့ ခြိမ်းခြောက်သတိပေးစကားဟာ တကယ်တမ်းဆိုရင် လေသံပြင်းထန်မှုတောင် လျော့နေသေးပြီး ဒီထက်ပိုပြီး ကြမ်းကြမ်းတမ်းတမ်းတောင် ခြိမ်းခြောက်ခဲ့သင့်သေးတယ်ဆိုပြီး ယခုတစ်ကြိမ်မှာလည်း ထရမ့်က ထပ်မံပြောဆိုလိုက်ပြန်ပါတယ်။

မြောက်ကိုရီးယားတို့အနေနဲ့ အမေရိကန်ကို ဆက်ပြီး ခြိမ်းခြောက်နေဦးမယ်ဆိုရင် ကမ္ဘာမှာ ဘယ်တုန်းကမှ မမြင်ထားမကြံုထားဖူးသေးတဲ့ အမျက်ဒေါသမီးနဲ့ အရေးယူတုန့်ပြန်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ထရမ့်က နယူးဂျာစီ ပြည်နယ် ဂေါ့ကလပ်မှာ မှတ်ချက်ပြု ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ယင်းပြောစကားထွက်ရှိပြီးနောက် ခဏအတွင်းမှာပဲ မြောက်ကိုရီးယားတို့ဘက်ကလည်း ပြန်လည်တုန့်ပြန်ခြိမ်းခြောက်မှုတွေ လုပ်လာခဲ့ပြီး အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်ဖို့ စီစဉ်တော့မယ်ဆိုပြီး ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

ယင်းသို့ အခြေအနေတွေအပြန်အလှန် တင်းမာလာနေချိန်မှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက သူပြောခဲ့တဲ့ ခြိမ်းခြောက်စကားဟာ တကယ်တမ်းဆိုရင် ဒီထက်ပိုကြမ်းဖို့တောင် လိုသွားသေးပြီး လုံတောင်မလုံလောက်ခဲ့ဘူးဆိုပြီး ထရမ့်က သတင်းထောက်တွေနဲ့ တွေ့ဆုံမှုတစ်ခုမှာ ပြောသွားခဲ့ပြန်တာဖြစ်ပါတယ်။

ဒါ့အပြင် ယခင်အမေရိကန်အစိုးရဟောင်းတွေဟာလည်း မြောက်ကိုရီးယားအရေး ကိုင်တွယ်ရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့ကြောင်း၊ သူ့လက်ထက်မှာတော့ ဒါကို ကောင်းကောင်းဖြေရှင်းမှာဖြစ်ကြောင်း ထရမ့်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ယခုလို ထရမ့်က ပြောဆိုပြီး နာရီပိုင်းအကြာမှာပဲ ကာကွယ်ရေးဝန်ကြီး ဂျင်မ် မက်တစ်က ထရမ့်အတွက် လိုက်လံဖာထေးပြောပေးသွားခဲ့ရပါတယ်။ မြောက်ကိုရီးယားကိစ္စမှာတော့ တကယ်လို့ စစ်ပွဲဖြစ်လာမယ်ဆိုပါက ဒါဟာ ဘေးဒုက္ခဆိုးကြီးတစ်ခုဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့် သံတမန်နည်းအရ အားထုတ်ဖြေရှင်းခြင်းကသာ ပြဿနာတွေကို ပြေလည်နိုင်လိမ့်မယ်ဆိုပြီး မက်တစ်က ပြောဆိုပေးသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags