အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဘိုကု(သို့မဟုတ်) No Face

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဘိုကု(သို့မဟုတ်) No Face

One Championship ရဲ့ လိုက်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဟောင်း ဘိုကုဟာ အသက် ၄၀ အရွယ်ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ လက်စွမ်းတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

No Face လို့ နာမည်ပြောင်ရတဲ့ ဂျပန်ကတုံးကြီးဟာ သတ်ကွင်းထဲမှာတော့ တကယ်ကို ကြောက်စရာကောင်းနေတုန်းပါ။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်ဖိုက်တာ အဲရစ်ကယ်လီဟာ ဒီပွဲမှာ ဘိုကုကို သူတစ်ပြန်ကိုယ်တစ်ပြန် ပြန်လည်ထိုးသတ်နိုင်ပေမယ့် နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်ဘဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဘိုကုဟာ ပထမအချီစလွှတ်လိုက်တယ်ဆိုရင်ပဲ တရစပ်တိုက်စစ်ဖွင့်ပြီး ရင်ဆိုင်တိုက်ခိုက်ပါတယ်။ အဲရစ်ကယ်လီကလည်း ခြေကန်ချက်တွေ ညာထောက်လက်သီးတွေနဲ့ ဘိုကုကို ပြန်လည် ဒုက္ခပေးခဲ့ပါတယ်။ ကယ်လီရဲ့ညာဖြောင့်လက်သီးကြောင့် ဘိုကု ကြိုးဝိုင်းကြမ်းပြင်ကို လဲကျခဲ့ရပါသေးတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ပြန်လည်တိုက်စစ်ဖွင့်ပါတယ်။ သူတစ်ပြန် ကိုယ်တစ်ပြန်နဲ့ ပထမအချီပြီးဆုံးရပါတယ်။

ဒုတိယအချီမှာလည်း ဘိုကုကပဲ ပွဲကို စိုးမိုးလို့ တိုက်စစ်ဖွင့်ပါတယ်။ ကယ်လီကလည်း ပထမအချီအတိုင်း ခြေကန်ချက်တွေ ညာဖြောင့်လက်သီးတွေနဲ့ ဘိုကုကို ပြန်လည်တိုက်ခိုက်ပါတယ်။ ပထမအချီလိုပဲ ကယ်လီရဲ့ လက်သီးချက်ကြောင့် ဘိုကု ကြမ်းဝိုင်းကြမ်းပြင်ပေါ်ကျပြန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းတော့ ဘိုကုကချည်း တရစပ် တိုက်စစ်ဖွင့်ပါတယ်။ ကစ်ဘောက်ဆင်သမားဖြစ်တဲ့ ဘိုကုရဲ့ ခန္ဓာကိုယ်အားတစ်ခုလုံးပါ ပါတဲ့ ထိုးချက်တွေက ပြင်းထန်လှပါတယ်။

တတိယအချီမှာတော့ ကယ်လီ သက်လုံကျဆင်းသွားတာကြောင့် ဘိုကုလုံးဝအသာရသွားပါတယ်။ ကြမ်းပြင်ပေါ်လဲနေတဲ့ ကယ်လီကို ဘိုကုက အပေါ်စီးကနေခွပြီး ထိုးပါတယ်။ ကြိုးဝိုင်းအလယ်ကနေ ကြိုးဝိုင်းထောင့်ရောက်သွားချိန်မှာတော့ ဘိုကုက အပေါ်စီးကနေ စိတ်ကြိုက်ထိုးပါတော့တယ်။ ကယ်လီက ကာရုံသာ တတ်နိုင်တော့ပြီး ထိုးသမျှခံနေရပါတယ်။ ပွဲပြီးဖို့ ၁ မိနစ်ခွဲလောက်အလိုမှာတော့ ဒိုင်က ဘိုကုကို အနိုင်ပေးလိုက်ပါတော့တယ်။

ဘိုကုအတွက်တော့ သူ့ရဲ့ MMA ပြိုင်ပွဲသက်တမ်းတစ်လျှောက် ၂၆ ပွဲမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly