စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးမှာ နောက်ဆုံးနှစ်များတွင် ညင်သာစွာ ဇီဝန်ခြွေရန်စဉ်းစားခဲ့ဟု သမီးဖြစ်သူပြောကြား

စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးမှာ နောက်ဆုံးနှစ်များတွင် ညင်သာစွာ ဇီဝန်ခြွေရန်စဉ်းစားခဲ့ဟု သမီးဖြစ်သူပြောကြား

စင်ကာပူ၊ သြဂုတ် - ၁၀ ။       ။ ဇနီးသည် သေဆုံးသွားသောကြောင့် စိတ်သောက အကြီးအကျယ်ဖိစီးခံခဲ့ရသည့် စင်ကာပူတည်ထောင်သူ ခေါင်းဆောင်ကြီး လီကွမ်ယူးက သူ၏ နောက်ဆုံးနှစ်များတွင် ယူသနေးရှား (Euthanasia)ဟုခေါ်သည့် ကြင်နာညင်သာစွာ ဇီဝိန်ခြွေပေးဖို့ ဖြစ်နိုင်ခြေကို ဆရာဝန်များအား မေးမြန်းနေခဲ့သည်ဟု ၎င်း၏ သမီးဖြစ်သူက သြဂုတ်လ ၁၀ရက်နေ့တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

နှစ်၅၀ပြည့် လွတ်လပ်ရေးနေ့အပြီး နောက်တစ်နေ့ထုတ် Straits Times သတင်းစာကြီးတွင် သူမကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ဖြစ်သည့် လီဝေလင်း ကမေမေမရှိတော့တဲ့ဖေ့ဖေ့ ဘ၀ ရဲ့နောက်ဆုံးနှစ်တွေဟာ ဝမ်းနည်းခက်ခဲတဲ့ အချိန်တွေဖြစ်ခဲ့တယ်ဟု ရေးသားခဲ့သည်။  

''သူဟာ ညင်သာစွာဇီဝိန်ခြွေပေးဖို့ ဆရာဝန်တွေကို တောင်းဆိုခဲ့ပေမယ့်လည်း ဆရာဝန်များက ယူသနေးရှားမှာ စင်ကာပူတွင်တရားမဝင်ကြောင်း ပြောကြားခဲ့သလို၊ ကျွန်မကလည်း အခြားနေရာမှာ ယူသနေးရှားလုပ်ဖို့ ကူညီပေးမယ်ဆိုရင်လည်း တရားမဝင်ဘူးလို့ ပြောခဲ့ပါတယ်''ဟု လီက ရေးသားခဲ့သည်။

အမျိုးသား အာရုံကြောသိပ္ပံအင်စတီကျုမှ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သည့် လီ ရံခါရေးသားလေ့ရှိသည့်ကော်လံကို စင်ကာပူ သြဇာအကြီးဆုံးမိသားစု၏ ကိုယ်ရေးကိုယ်တာဘ၀ တစေ့တစောင်း အနေဖြင့် ဂရုတစိုက်ဖတ်ရှုလေ့ရှိကြသည်ဟုဆိုသည်။ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းမှာ သူမ၏အစ်ကိုဖြစ်သည်။  

ပြင်းထန်လွန်းသည့် နမိုးနီးယားရောဂါကြောင့် ဆေးရုံတွင် ရက်ရှည်တက်ရောက်ကုသမှုခံယူပြီးနောက် အသက် ၉၁နှစ်အရွယ် မတ်လ ၂၃ရက်နေ့တွင် လီကွမ်ယူး သေဆုံးမှုမှာ စင်ကာပူတစ်နိုင်ငံလုံးကို ကြိမ်မီးအုံးသကဲ့သို့ ပူဆွေးစေခဲ့သည်။

၂၀၁၀ခုနှစ်တွင် ၆၃နှစ်တာမျှ ပေါင်းသင်းလာခဲ့သည့် ဇနီးသည် ကွာဂျုပ်ချူး ကွယ်လွန်ပြီးနောက်တွင် လီမှာ အလွန်တရာ အားနည်းသွားပုံပေါ်လာပြီး နောက်ဆုံးနှစ်များတွင် လူမြင်ကွင်းတွင် အတွေ့ရနည်း လာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly