NCA အကောင်အထည်ဖော်မှု သုံးသပ်ရန် JICM အစည်းအဝေး အမြန်ဆုံးခေါ်ယူ၍ ဆုံးဖြတ်ပေးရန် PPST ဆုံးဖြတ်

NCA အကောင်အထည်ဖော်မှု သုံးသပ်ရန် JICM အစည်းအဝေး အမြန်ဆုံးခေါ်ယူ၍ ဆုံးဖြတ်ပေးရန် PPST ဆုံးဖြတ်

ချင်းမိုင်၊သြဂုတ်လ ၁၀ ။          ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM) အမြန်ဆုံး ခေါ်ယူကျင်းပ၍ NCA အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ရေး အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST )က ချမှတ်ခဲ့သည်ဟု သိရသည်။

အပစ်ရပ်အဖွဲ့ ၈ ဖွဲ့က ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခဲ့ပြီးနောက် ငြိမ်းချမ်းရေးဖြစ်စင်များကို ပြန်လည် သုံးသပ်ခဲ့ကြပြီး PPST က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၉ ရက်နှင့် ၁၀ ရက်များတွင် နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေး၌ JICM ခေါ်ယူရေး အပါအဝင် အချက် ၂၀ ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အရေးကြီးဆုံးက ဒီလုပ်ငန်းစဉ်တွေ လုပ်ဖို့ ဒီပြန်လည် သုံးသပ်တာတွေ အဆင်ပြေချောမွေ့မှုတွေဖြစ်ဖို့ အရင်သင်ခန်းစာတွေ ထုတ်ဖို့ဆိုတာ အဓိက တာဝန်ရှိတဲ့ JICM ခေါ်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ပေးရမယ်။ ဒါက ပြဿနာတွေကို ရှင်းတဲ့နေရာလို့ပဲဆိုဆို အစိုးရနဲ့ EAOကြားမှာ အမြင့်ဆုံး ညှိနှိုင်းတဲ့အဖွဲ့၊ ဒီအဖွဲ့အစည်းက ဒါတွေဟာ ပူးတွဲလုပ်ဖို့ သဘောတူတယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လိုတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ ဒါတွေကို ပြင်ဆင်မယ်။ ပြင်ဆင်ပြီးရင် အီးအေအို ၈ ဖွဲ့အနေနဲ့ JICM ဆွေးနွေးပွဲကို ထိထိရောက်ရောက်နဲ့ ဒီလုပ်ငန်းတွေ လုပ်နိုင်ဖို့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် ကျွန်တော်တို့ ပထမဆုံး ဦးစားပေး စဉ်းစားခဲ့တယ်”ဟု အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သံခဲက သတင်းထောက်များကို ပြောသည်။

“ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ဖို့ဆိုတာ တစ်ဖွဲ့တည်းနဲ့ မလုံလောက်ဘူး ထင်တယ်။ ဒီဖြစ်စဉ်ကြီးထဲမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ လူတွေ အားလုံးနဲ့ ပြန်လည် သုံးသပ်ခွင့်ကို တနည်းအားဖြင့် ပြောရင် အမြင့်ဆုံးဖြစ်တဲ့ JICM က ဆုံးဖြတ်ပေးဖို့ လိုပါတယ်။ အဲဒါကြောင့်မို့ JICM ကျင်းပဖို့ ပထမအနေနဲ့ ကြိုးပမ်းမယ်”ဟု သူက ပြောသည်။

JICM မှ လုပ်ပိုင်ခွင့် ပေးလိုက်ပါက အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပူးတွဲ သုံးသပ်မှုများ ပြုလုပ်သွားရန် အစိုးရဘက်ကလည်း ဖိတ်ကြားထားပြီး ဖြစ်၍ မကြာမီ ပြန်လည် သုံးသပ်မှုများ ဆက်လုပ်သွားမည် ဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း သတင်းထောက်များကို ထည့်သွင်း ပြောဆိုခဲ့သည်။

ဒုတိယအချက်အနေဖြင့် NCA ပြဌာန်းချက်နှင့်အညီ အရေးကြီးသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရေးနှင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ပိုင်ခွင့်များ အားနည်းချက်များရှိခဲ့မှုကိုလည်း PPST အစည်းအဝေးတွင် သုံးသပ်ခဲ့သည်ဟု ရဲဘော်သံခဲက ပြောသည်။

“ဒီနေရာမှာ NCA ပြဌာန်းချက်နဲ့ ဖွဲ့တဲ့ UPDJC ရဲ့နောက်မှာ သူ့မှာလုပ်ပိုင်ခွင့်တွေ၊ ဆုံးဖြတ်ပိုင်ခွင့်တွေ၊ ဆုံးဖြတ်ရမဲ့ ပုံစံတွေဟာ အခု အခြေအနေမှာ အခု တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ရှင်းရှင်းလင်းလင်း ရှှိဖို့ လိုတယ်။ အခုဖြစ်နေတဲ့ ၂၁ ရာစုပင်လုံဟာ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ ရောထွေးမှုတွေ၊ အချိန်မလုံလောက်မှုတွေ၊ အဖွဲ့အစည်းတွေကြားထဲမှာ တနည်းအားဖြင့် ပြောရင် သဘောတူချက်သာချခဲ့တယ်ဆိုပေမဲ့လည်း လုံလောက်တဲ့ အချိန်တွေ မရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ဆုံးဖြတ်ချက်သာ ချလိုက်ရတယ် ကျေကျေနပ်နပ် ရှိတယ်တော့ မဟုတ်ဘူး”ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

ထို့ပြင် လက်ရှိ စုဖွဲ့ထားသည့် UPDJC ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အလုပ်ကော်မတီ အတွင်းရေးမှူးအဆင့်ဆင့်တွင် အပြန် အလှန် ဆက်စပ်မှု အားကောင်းရန်အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း လာမည့် အောက်တိုလအထိ အချိန် ၂ လကြာ လက်ရှိ စုဖွဲ့မှုအတိုင်း ဆက်ထားရှိရန် PPSTက ဆုံးဖြတ်ခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“လက်ရှိ အခြေအနေမှာတော့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အစည်းအဝေးကို ပြုပြင်ပြောင်းလဲလုပ်မှု အကောင်အထည်ဖော်မဲ့ ကိစ္စကိုတော့ လာမဲ့ နှစ်နှစ်မြောက် နှစ်ပတ်လည် အောက်တိုဘာလ ၁၅ ရက်နေ့နောက်ပိုင်းမှ ကျနော်တို့ စုဖွဲ့မှုတွေကို တရားဝင် လုပ်သွားမယ်။ အခုလောလောဆယ်ဆယ်မှာတော့ ရှိနေတဲ့ ပုံသဏ္ဍန်၊ ရှိနေတဲ့ စုဖွဲ့မှုနဲ့ဘဲ ဆက်လက်ထားရှိပြီးတော့ နှစ်လအချိန်ယူမယ်” ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုကွယ်ထူးဝင်းအား UPDJC ၏ ဒုဥက္ကဋ္ဌ တာဝန်မှ အခြားသူအား လွဲပြောင်း တာဝန်ပေးအပ်ရန် ဆုံးဖြတ်ခဲ့မှုများ ရှိခဲ့သဖြင့် ၄င်းအပေါ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုု့ပြင် သြဂုတ်လ ၁၀ ရက်နေ့တွင် ABSDFက ယခင် ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးသည့် နှစ်ပတ်လည်နေ့ ရောက်ရှိနေပြီ ဖြစ်သလို၊ ABSDF အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့်လည်း သက်ဆိုင်ရာ အစိုးရ တပ်မတော်နှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်များ အကောင် အထည် ဖော်နိုင်ခြင်း မရှိသေးသဖြင့် လက်ရှိ ဆက်လက် ညှိနှိုင်းသွားရန် PPST အစည်းအဝေးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ရဲဘော် သံခဲက ပြောသည်။

နှစ်ရက်ကြာအစည်းအဝေးတွင် PPST တာဝန်ပေးလိုက်သည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့(PPWT)မှ လာခီးလာတွင် ပြုလုပ်ခဲ့သော NCA အကောင်အထေည်ဖော်မှု ပြန်လည် သုံးသပ်ချက်များ၊ အကြံပြုချက်များကို တင်ပြခြင်း ဖြစ်သည်။

NCA အကောင်အထည်ဖော်မှုများအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး ထိရောက် အောင်မြင်ရန်အတွက် EAOS အဖွဲ့က အမြင်သဘောထားများ သုံးသပ်ချက်များကို အစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့် အမြန်ဆုံး ဆွေးနွေးသွားရန်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကို်ယ်စားလှယ်အဖွဲ့ (DPN)တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှုများကို ထောက်ခံ ကြိုဆိုကြောင်းနှင့် ရလဒ်ကောင်း ရမည်ဟု မျော်လင့်ကြောင်း သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖော်ဆောင်သည့်ကာအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အချို့တွင် ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ထပ်မံ ပါဝင်လာရေးကို အစိုးရနှင့် တပ်မတော်က ကြိုးပမ်းရန် တိုက်တွန်းထားသည်။

PPST အစည်းအဝေးတွင် အဖွဲ့ဝင် ခေါင်းဆောင် ဗိုလ်ချုပ် မူတူးစေးဖိုး၊ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ အပါအဝင် အဖွဲ့ဝင်များ စုစုပေါင်း ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်။ PPST ကို အပစ်ရပ်အဖွဲ့ ၈ ဖွဲ့၏ မူဝါဒအရ လုပ်ငန်းများ ဦးဆောင်သွားရန်အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လက ကျင်းပခဲ့သော ၄င်းအဖွဲ့များ၏ ထိပ်သီးအစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags