ရုရှားရွေးကောက်ပွဲကို သပိတ်မှောက်ရန် အတိုက်အခံနိုင်ငံရေးသမား ယူဒဲ့တ်ဆော့ဗ် တောင်းဆို

ရုရှားရွေးကောက်ပွဲကို သပိတ်မှောက်ရန် အတိုက်အခံနိုင်ငံရေးသမား ယူဒဲ့တ်ဆော့ဗ် တောင်းဆို

မော်စကို၊ သြဂုတ် ၁၁ ။               ။ အကျဉ်းထောင်ထဲ၌ လေးနှစ်ခွဲခန့် အကျဉ်းစံနေခဲ့ရပြီး ယခုရက်သတ္တပတ်အတွင်း ပြန်လည်လွတ်မြောက် လာသော လက်ဝဲယိမ်း ရုရှားအတိုက်အခံ နိုင်ငံရေးသမား ဆာဂျီယူဒဲ့တ်ဆောဗ့်က လာမည့်နှစ်တွင် ကျင်းပ မည့် သမ္မတရွေးကောက်ပွဲသည် ရိုးသားမှုမရှိသောကြောင့် သပိတ်မှောက်ဆန့်ကျင်ကြရန် ကြာသာပတေးနေ့ က တောင်းဆိုခဲ့သည်။

“အာဏာပိုင်တွေဟာ ရွေးကောက်ပွဲဥပဒေကို ကလိမ်ကျပြီးတော့ ပြောင်းလဲလိုက်ကြပါတယ်။ သူတို့မကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲစာရင်းထဲကနေ ထုတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို အားလုံး တစ်စုတစ်စည်းထဲ သပိတ်မှောက်ကြရပါမယ်” ဟု ယူဒဲ့တ်ဆော့ဗ်က မော်စကို၌ ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။

သမ္မတရာထူးအတွက် လွန်ခဲ့သော ၂၀၁၁ နှင့် ၂၀၁၂ ကာလက တတိယအကြိမ်မြောက် ပြန်ရွေးချယ်ခံခဲ့သည့် သမ္မတဗလက်ဒီမာပူတင်ကို ဆန့်ကျင်သော ဆန္ဒပြပွဲများ၌ ဦးဆောင်ပါ၀င်ခဲ့သောကြောင့် အသက် ၄၀အရွယ် ယူဒဲ့တ်ဆော့ဗ်သည် ထောင်နန်းစံခဲ့ရသည်။

ပိတ်ပင်ခြင်းခံထားရသော အစွန်းရောက်သည့် လက်ဝဲအုပ်စု ခေါင်းဆောင်ဖြစ်ခဲ့သူ ယူဒဲ့တ်ဆော့ဗ်က သူသည် အစိုးရ၏ လစ်ဘရယ်လက်သစ် စီးပွားရေးပေါ်လစီကို ဆန့်ကျင်သောကြောင့် အတိုက်အခံတစ်ဦး ဖြစ်နေဆဲဖြစ် ကြောင်း ကြာသာပတေးနေ့က ပြောခဲ့သည်။

“ဒီနှစ်တွေအတွင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေ လုံးဝမရှိသေးပါဘူး” ဟု သူက ပြောခဲ့ပြီး ရွေးကောက်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိသေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယူဒဲ့တ်ဆော့ဗ်သည် ရုရှားအစိုးရကို ဆန့်ကျင်သော အဓိကအတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရုရှား အလယ်ပိုင်းရှိ တမ်ဘော့ဗ်ခရိုင်၌ အကျဉ်းကျခံခဲ့ရကာ ထောင်တွင်း၌ အစာငတ်ခံဆန္ဒပြမှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သူဖြစ်သည်။

လာမည့်နှစ် မတ်လတွင်ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲအား ဆန့်ကျင်ဝေဖန်သူများ များပြားလျက်ရှိ နေပြီး သမ္မတပူတင်က သူနောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခံမည်ဟု တရားဝင်ကြေညာချက် မထုတ်ပြန်ရ သေးသော်လည်း လူအများက သူထပ်မံယှဉ်ပြိုင်မည်ဟု ထင်ကြေးပေးနေကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly