နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း၊ လည်ပင်း ခွဲစိပ်အထူးအကုဆရာဝန်ကြီးနှင့် ကျန်းမာရေးရာ ဆွေးနွေးခြင်း အပိုင်း(၃)

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း၊ လည်ပင်း ခွဲစိပ်အထူးအကုဆရာဝန်ကြီးနှင့် ကျန်းမာရေးရာ ဆွေးနွေးခြင်း အပိုင်း(၃)

4R Health Talk Episode (5), Part-3 (ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်)

အပိုင်း (၃)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များခင်ဗျာ.. အပတ်စဉ် တင်ဆက်ပေးနေကြ 4R Health Talk ကျန်းမာရေးရာအဖြေရှာ အစီအစဉ်ရဲ့ နား၊ နှာခေါင်း၊ လည်ချောင်း နဲ့ ဦးခေါင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၃) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးမှာပဲ ဖြစ်ပါတယ် ခင်ဗျ။

မဇ္စျိမ- နောက်တစ်ယောက်ကတော့ အာခေါင်စပ် လည်ချောင်းနာပြီးတော့ ချောင်းဆိုးတာ ဘာဆေးသောက်ရမလဲ ဖျားနာဖြစ်တိုင်း အဲဒီလို ခံစားရပါတယ်တဲ့။ စွဲသောက်ရမယ့် ဆေး ညွှန်းပေးလို့ ရရင် ညွှန်းပေးပါ ဆရာတဲ့။

Prof: MMK -ပုံမှန်ကတော့ အာခေါင်စပ်ပြီးတော့ လည်ချောင်းနာတယ်ဆိုတာက အပြင်ဘက်က ရောဂါပိုးဝင်လာလို့ အာခေါင်ရောင်တဲ့ ရောဂါလို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒါမျိုးရောဂါကတော့ ပုံမှန်ဆိုရင် ကောင်းကောင်းလည်း နားနေမယ် ဗီတာမင်စီ အပြည့်အဝလည်း စားထားမယ်ဆိုရင် ဘာဆေးမှတောင် သောက်ဖို့ မလိုပါဘူးပေါ့။ အကယ်၍ ကိုယ်က ကိုယ်ခံအားကလည်း နည်းနေမယ် အိပ်ရေးကလည်း ပျက်မယ်ဆိုရင်တော့ ဒါမျိုး အာခေါင်ရောင်တဲ့ သူတွေအတွက် ကျွန်တော်တို့ ပလုတ်ကျင်းတဲ့ ဆေးရည်တွေ ပေးပါတယ်။ လွယ်လွယ်ကူကူကတော့ အိမ်မှာ ဆားနဲ့ ရေနွေးနဲ့ ပလုတ်ကျင်းလို့ ရပါတယ်။ အပြင်ဘက်မှာ လာတဲ့ ဆေးကုမ္ပဏီတွေကနေ သွင်းတဲ့ ဆေးတဲ့  ပလုတ်ကျင်းဆေးရည်က အမျိုးမျိုး ရှိပါတယ်။ ဒါကိုလည်း သုံးပြီးတော့ ကျင်းလို့ ဆေးလို့ ရပါတယ်။ ပုံမှန်ကတော့ ပိုးသတ်ဆေး သောက်ဖို့ မလိုပါဘူး။ ကိုယ့်ခံအား ကောင်းအောင်နေမယ်။ နောက် ပလုတ်ကျင်းမယ်။ အားဆေးတွေ သောက်ထားမယ်ဆိုရင် ဒါပျောက်သွားပါတယ်။

မဇ္စျိမ- နောက်တစ်ယောက်ကတော့ ဒေါ်ဝေတဲ့။ သူကတော့ အမွှေးတိုင်းအနံတို့ ရေမွှေးနံ ပြင်းပြင်းတို့ ရတယ်ဆိုရင် အနံရတာနဲ့ မူးတယ် အန်တယ် အဲသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒါဘာဖြစ်လို့ပါလဲရှင်။

Prof: MMK -ရေမွှေးတို့ အမွှေးတိုင်တို့ ဒီအနံပြင်းပြင်းတွေ ရလို့ ရှိရင် စောစောကပြောတဲ့ ဓာတ်မတည့် နှာခေါင်းရောင်ရောဂါနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်ပေါ့နော်။ အဲတော့ ဓာတ်မတည့် နှာခေါင်းရောင်ရောဂါက ဒီလိုပဲ ကိုယ်ရှုနေကြ မဟုတ်တဲ့ အနံပြင်းပြင်း ရရင်ဖြစ်တတ်တယ်ပေါ့နော်။ အဲတော့ ဖြစ်လို့ရှိရင် သူက နှာခေါင်းပိတ်မယ်။ နှာချေမယ်။ ခေါင်းမူးမယ် ဖြစ်တတ်တယ်ပေါ့နော်။ အဲတော့ အဲဒါမဖြစ်အောင်က စောစောက ပြောသလို ကာကွယ်ခြင်းဟာ အကောင်းဆုံးပဲ။ ကိုယ်က ဒါနဲ့ မတည့်ဘူးဆိုရင် ဒီဟာကို မတွေ့အောင် ရှောင်လိုက်တာဟာ အကောင်းဆုံးဖြစ်တယ်။ ပြီးတော့မှ ဖြစ်လာတဲ့ လက္ခဏာတွေ သက်သာအောင် ကျွန်တော်တို့ ဆေးဖျန်းလို့ ရမယ်။ သောက်ဆေးတွေ ပေးလို့ ရမယ်ပေါ့နော်။

မဇ္စျိမ-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက် သွန်းဆက်မေ ဆိုတဲ့ တစ်ယောက်က မေးလာတာက သူက လည်ပင်းမှာ တစ်ခုခု ဆို့နေသလို ဖြစ်ပြီး နှာချေရင်လည်း အနံဆိုးထွက်ပါတယ်။ ဘယ်လို လုပ်ရမှာပါလဲရှင့်။

Prof: MMK - အဲတော့ လည်ပင်းတစ်စို့ တစ်စို့ ဖြစ်တာသည် စောစောက ပြောထားတဲ့ အစာအိမ်ထဲက အက်ဆစ်ဓာတ် အထွက်များပြီးတော့ အပေါ်ကို လျှံထွက်တဲ့ ရောဂါပေါ့နော်။ ကျွန်တော်တို့က အဲဒါကို reflux diseases လို့ ခေါ်တာပေါ့နော်။ အဲဒီရောဂါကြောင့် တစ်စို့ တစ်စို့ အဖြစ်များတာပေါ့နော်။ နောက်တစ်ခုကတော့ လည်ပင်းကြီးများ ရှိနေသလားပေါ့။ လည်ပင်းကြီး ရှိရင်လည်း သူက ဖိနေရင် အစာပြွန်နဲ့ လမ်းကြောင်းမှာ တစ်စို့ တစ်စို့ ဖြစ်နေတတ်ပါတယ်။ လည်ပင်းတစ်စို့ တစ်စို့ ဖြစ်တာနဲ့ စောစောက နှာချေတာနဲ့တော့ ရောဂါခြင်းက သီးသန့် ဖြစ်ပါတယ်။ တစ်ခုစီပေါ့နော်။ နှာချေတဲ့ ရောဂါကတော့ နှာစေးပြီးတော့ စောစောက ပြောတဲ့ နှာခေါင်းရောင် ရောဂါ ဖြစ်ဖို့ များတယ်။ လည်ပင်းတစ်စို့တာတော့ အစာအိမ်ထဲက အက်ဆစ်အထွက်များတဲ့ ရောဂါလား လည်ပင်ကြီးလို့များ ပိတ်နေတဲ့ ရောဂါများလားပေါ့နော်။ ဒါက စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်။

မဇ္စျိမ- နောက်တစ်ယောက်ကတော့ မေးထားတဲ့ မေးခွန်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ နားထဲမှာ ပြည်ယိုနေတာ ဘာလုပ်ရမလဲလို့ မေးလာပါတယ် ခင်ဗျ။

Prof: MMK - နားပြည်ယို ရောဂါက ကျွန်တော်တို့ နား၊ နှာခေါင်း ဆေးရုံတွေမှာ ပြင်ပလူနာဌာနမှာ အလာများတဲ့ ရောဂါထဲက တစ်ခု အပါဝင်ဖြစ်တယ်ပေါ့နော်။ နေ့စဉ် နေ့စဉ် လာနေတဲ့ သူတွေထဲမှာ နားပြည်ယိုတဲ့ ရောဂါ ရှိတယ်။ သူက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်တယ်။ အဲတော့ များသောအားဖြင့် အခုမေးခွန်းရှင် မေးတဲ့ပုံအရ သူက နာတာရှည် နားပြည်ယို ရောဂါ ဖြစ်ဖို့ များတယ်။ နားတာရှည်ဆိုတဲ့ အတိုင်းပဲ သူက အမြစ်ပြတ် မပျောက်ဘူးပေါ့။ ပြန်ပြန်ပြီးတော့မှ ဖြစ်တတ်တယ်ပေါ့နော်။ ပြန်မဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုရင် ရေမဝင်အောင် ဂရုစိုက်ရမယ်။ ရေချိုးတဲ့ အခါ ခေါင်းလျှော်တဲ့ အခါ မြစ်ထဲ ချောင်းထဲမှာ ရေကူးရေငုတ်လို့ မရဘူးပေါ့။ ဒါက ကာကွယ်တာပေါ့နော်။ အဲတော့ ပြည်ယိုတဲ့ အတွက်ကတော့ နှာခေါင်းဆရာဝန်တွေ တတ်ကျွမ်းတဲ့ ဆရာဝန်တွေဆီမှာ ပြပြီးလို့ ရှိရင် နားထဲမှာ ရှိတဲ့ ပြည်တွေကို သူတို့ စုပ်ထုတ်မယ်။ ပြီးတော့မှ နားရဲ့ အခြေနေကို ကြည့်မယ်ပေါ့နော်။ နားစည်က ပေါက်နေသလား တော်တော်ကြီးများ ကြီးနေသလား အထဲထဲ ဖြစ်နေတဲ့ အသားပိုတွေ ထွက်နေသလားပေါ့နော်။ ဒါတွေ ကြည့်ပြီးတော့မှ လိုအပ်ရင် နားထဲကို ထည့်ဆေးတွေ ပေးပါမယ်။ ပိုးသတ်ဆေးတွေလည်း သောက်ဖို့ လိုပါလိမ့်မယ်။ သူကတော့ နာတာရှည် ဖြစ်တဲ့ အတွက် ရေရှည် သောက်ဖို့ လိုသလို ဆရာဝန်နဲ့ မပြတ် ပြပြီးတော့ မှ ပြန်ပြန်မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း လိုအပ်ပါတယ် ခင်ဗျ။

မဇ္စျိမ-နောက်တစ်ယောက်ကတော့ စန်းစန်းဝင်းတဲ့ ဆရာကြီး။ ကျွန်မ တူမလေးက လည်စိအထက်နားလေးမှာ အလုံးအကျိတ်ကလေး ဖြစ်နေလို့ပါ အဲတာ ခွဲစိပ်ဖို့လိုလား ဖြေကြားပေးပါရှင့်။

Prof: MMK- အဲတော့ လည်စိရဲ့ အထက်နားမှာ အလုံးအကျိတ်လေး ဖြစ်တယ်ဆိုရင် ဖြစ်တတ်တာတွေကတော့ Thyroglossal Duct Cyst မွေးရာပါ အရေလုံးလေး ဖြစ်တတ်ပါတယ်။ Thyroglossal Duct Cyst ဆိုရင် မွေးရာပါ ဆိုပေမယ့် လမ်းကြောင်းလေးပေါ့နော်။ thyroid  ကလေးက ဆင်းလာတဲ့ လမ်းကြောင်းဟာ ပျောက်သွားမယ်ဆိုတာ မပျောက်ဘဲနဲ့ ကျန်ခဲ့တဲ့ နေရာမှာ အရေလုံးလေး ဖြစ်တာပေါ့။ သူက ဖြစ်လို့ ရှိရင် အသက်အရွယ်က Middle Aged လောက်မှာ ဖြစ်တတ်တယ်ပေါ့။ ဖြစ်လာလို့ ရှိရင်တော့ သူက ခွဲစိပ်တဲ့ နည်းပဲ ရှိတယ်။ ဆေးသောက်လို့ မပျောက်ဘူးပေါ့နော်။ ခွဲကို ခွဲစိပ်ရမယ်။ ဒါကတော့ Thyroglossal Duct Cyst ဆိုတဲ့ ရောဂါပေါ့။ အကယ်၍ အခြား အကျိတ်အဖုတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ သေချာအောင် နား၊ နှာခေါင်း ဆရာဝန်ကြီးတွေ ပြသမယ် အာထရာဆောင်းလို့ ခေါ်တဲ့ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ကြည့်မယ်ဆိုရင် ဒါ ဘယ်လို အမျိုးအစားကြောင့် ဘယ်လိုမျိုး အကျိတ်ဖြစ်တယ်ဆိုတာ သိလာမှာပေါ့။ အဲလို အရင် စစ်ဆေးပြီးတော့မှ ကုသတာ ကောင်းပါတယ်။

မဇ္စျိမ-ဆရာကြီး ကျွန်တော် နည်းနည်းလေး နောက်ပြန်သွားရမယ်ဆိုရင် မွေးရာပါ နားမကြားတဲ့ ရောဂါက ဘယ်လိုဖြစ်တာလဲ။

Prof: MMK - မွေးရာပါ နားမကြားရောဂါဆိုရင် ကျွန်တော်တို့ နား၊ နှာခေါင်း ဆေးရုံကနေပြီးမှ ပါမောက္ခ ဒေါ်ခင်လှလှက မွေးရာပါ နားမကြားသူတွေ အတွက် စစ်ဆေးဖို့အတွက် ဆိုပြီးတော့ ဗဟိုအမျိုးသမီး ဆေးရုံကြီးမှာ မွေးကင်းစ ကလေးတွေ အတွက်ကို နားအကြား စမ်းသပ်ပေးနေပါတယ်။ ၂နှစ် ရှိပါပြီ။ ကျွန်တော်တို့ စစ်နေတာ။ စစ်လာတဲ့ အခါ သူတို့က ရာခိုင်နှုန်း ဘယ်လောက် ရှိလဲဆိုတော့ မွေးလာတဲ့ ကလေးတွေရဲ့ ၅ ရာခိုင်နှုန်းလောက်က အဲလိုမျိုး မွေးရာပါ နားမကြား ပါလာတတ်တယ်ပေါ့။ အဲတာလေးတွေကို ကျွန်တော်က စောစောစီးစီး တွေ့ရင် သိရင် သူတို့ကို intervention လုပ်ပေးလို့ ရတယ်ပေါ့။ ဆိုတော့ မွေးရာပါ နားမကြားရောဂါဟာ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာပေါ့နော်။ ဂျိုက်သိုးရောဂါတို့ ကိုယ်ဝန်ဆောင်မိခင်မှာ ဖျားနာပြီးတော့မှ ဖြစ်လို့ ရှိရင်လည်း မွေးလာတဲ့ ကလေးတွေမှာ နားလေးရောဂါ ဖြစ်တတ်တယ်။ နောက်တစ်ခုက ဆွေမျိုး နီးစပ်ခြင်း အိမ်ထောင်ပြုတဲ့ မိသားစုတွေမှာလည်း မွေးလာတဲ့ ကလေးတွေ ဟာ မွေးရာပါ နားအကြားချို့ယွင်းတဲ့ရောဂါဖြစ်လာတတ်တယ်။ အဲသလိုပဲ ကိုယ်ဝန်လနုစဉ်မှာ ဆေးအပြင်းကြီးတွေ သောက်ရတယ်ဆိုရင်လည်း နားလေးရောဂါလေးတွေနဲ့ မွေးလာတတ်တယ်ပေါ့။ အဲတော့ မွေးလာတဲ့ ကလေးတွေဟာ နားကြား မကြားဆိုတဲ့ မိဘတွေက သတိမထားမိဘူးပေါ့နော်။ အဲတော့ ကျွန်တော်တို့က မွေးရာပါ neonatal hearing screening ဆိုတဲ့ ပရောဂျက်ကို လုပ်နေပါတယ်။ အဲတာကို ကြိုသိလို့ ရှိရင် ဒီကလေးတွေအတွက် ဘယ်လိုနည်းနဲ့ ကုလို့ ရလဲဆိုတော့ သူနားမကြားဘူး သေချာလားဆိုတာ စစ်ဆေးပြီးရင် သေချာပြီဆိုရင် ကျွန်တော်တို့က စကားမပြောခင် ၂နှစ်ကနေ ကျောင်းမသွားခင် အချိန် ၅နှစ်အတွင်းမှာ သူကို နားအတွင်းဧရိယာကို နိုးဆွပေးတဲ့ ကရိယာလေးတွ ထည့်မယ်။ အစိုးရက ကျွန်တော့်တို့ ဆေးရုံကို ချပေးထားတယ်ပေါ့နော်။ အဲဒီကရိယာလေးက နားထဲမှာရှိတဲ့ အကြားအင်္ဂါ ခရုပတ်ခွေလေးတွေ ထဲမှာ ကျွန်တော်တို့ နိုးဆွတဲ့ အာရုံကြောလေးတွေ ထည့်ပေးတာ။ အဲဒီ ကရိယာတစ်ခုဟာ တော်တော်တန်ဖိုးကြီးတယ်။ သိန်းတစ်ရာလောက် ရှိတယ်ဗျ။ အဲဒါ နိုင်ငံတော် အစိုးရက ချပေးတဲ့ဟာကို ကျွန်တော်တို့ ဆေးရုံတွေမှာ နားမကြားတဲ့ ကလေးတွေကို ခွဲပေးနေတယ်ပေါ့။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံဆိုရင် ပြီးခဲ့တဲ့နှစ်တွေမှာ ဆယ်ယောက် ခွဲပြီးတော့ ထည့်ပေးပြီးပါပြီ။ အခု ဆက်လည်း လုပ်ဖို့ ရှိပါတယ်။

မဇ္စျိမ- သူကျတော့ ကျွန်တော်တို့ ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာပဲ ထားတာလား နယ်မြို့တွေမှာရော မထားဘူးလား။

Prof: MMK- ဒီဟာတွေကတော့ ကျွန်တော်တို့ ရန်ကုန် မန္တလေး ဆေးတက္ကသိုလ်(၁) နှင့် ဆေးတက္ကသိုလ်(၂)တွေမှာပဲ လုပ်ပေးနိုင်သေးတယ်ပေါ့နော်။ ကျန်တဲ့ နယ်မြို့တွေတော့ မလုပ်နိုင်သေးဘူးပေါ့။

မဇ္စျိမ- နောက်တစ်ခုက ကျွန်တော်က သာမန်လူ အတွေးနဲ့ ပြောတာပါ။ နားမကြားလို့ ရှိရင် စကားပါ မပြောတတ်တာလား။

Prof: MMK- ဟုတ်ကဲ့။ လူတွေက ပထမဆုံး စကားပြောဖို့ဆိုရင် နားက ကြားရမယ်ပေါ့နော်။ နားကြားမှ သူရဲ့ အနီးစပ်ဆုံး ဆွေးမျိုးသားချင်းတွေ ပြောတာကို သူက လိုက်ကြည့်ပြီးမှ ပြောတာ။ များသောအားဖြင့်တော့ ဒီကလေးတွေ စကားစပြောတဲ့ အရွယ်ဟာ တစ်နှစ်ခွဲ နှစ်နှစ်လောက်မှာ စပြောတယ်ပေါ့။ အဲဒီအချိန်မှာ ဒီကလေးက နားမကြားဘူးဆိုရင် သူက မကြားတဲ့အတွက် သင်လို့ မရတဲ့အတွက် သူက မပြောတတ်ဘူးပေါ့။ အဲဒီအခါကျတော့ စွံ့အတဲ့ ကလေးလေး ဖြစ်လာတယ်ပေါ့နော်။

မဇ္စျိမ- အဲဒါက လည်ချောင်းနဲ့တော့ မဆိုင်ဘူးပေါ့နော်။

Prof: MMK- သူ့မှာ အင်္ဂါအစုံပါတယ်။ သို့သော်လည်း အကြားအင်္ဂါ ချို့တဲ့ တဲ့အတွက် မသင်ကြားနိုင်ဘူးပေါ့နော်။ စောစောတုန်းက ကျွန်တော်ပြောတဲ့ အင်္ဂါအကြားအာရုံလို့ ခေါ်တဲ့ နားကြားတဲ့ အင်္ဂါနိုးဆွတဲ့ ကရိယာလေးကို ထည့်ပေးလိုက်ခြင်းအားဖြင့် နားပြန်ကြားလာရင် သူစာသင်နိုင်ရင် စကားပြောနိုင်တယ် ခင်ဗျ။

မဇ္စျိမ- ကျွန်တော်တို့ မဇ္စျိမ ပရိတ်သတ်တွေရဲ့ မေးခွန်းတွေကို ကျွန်တော်တို့ အလှည့်ပေးပါရစေ။ နောက်တစ်ယောက်က ခန့်မောင်တဲ့။ ခန့်မောင် မေးထားတဲ့ မေးခွန်းကတော့ နှာခေါင်းမွှေးကျွတ်ပြီးတော့ အသက်ရှုလမ်းကြောင်းထဲ ရောက်ရောက်သွားတယ်။ အဲလို ဖြစ်တဲ့အခါ အသက်ရှုလမ်းကြောင်းမှာ တစ်ဆို့ဆို့ ဖြစ်နေတယ်။ ပြီးရင် အဲဒီ နှာခေါင်းမွှေးကို သလိပ်နဲ့ ပြန်ထုတ်ရတယ်။ Thyroid ဟော်မုန်းကတော့ ၅ လောက် နည်းနေတယ်ပြောတယ်။ ညာဘက်နားလည်း သိပ်မကောင်းပါဘူးတဲ့။

Prof: MMK- အဲတော့ သူက ရောဂါတွေက အများကြီးပေါ့နော်။ အဲတော့ နှာခေါင်းမွှေးဆိုတာက လူရဲ့ နှာခေါင်းမှာ အပြင်က အမှုန့်တွေ မဝင်နိုင်အောင် စစ်ထုတ်တဲ့ အနေနဲ့ အမွှေးတွေ ပါတယ်ပေါ့နော်။ အဲဒီဟာကို တစ်ချို့သူတွေကတော့ ဆွဲဆွဲပြီး နုတ်တဲ့ အကျင့်လေးတွေ ရှိတယ်ပေါ့နော်။ ဒါကတော့ မကောင်းပါဘူး။ ဒီအကျင့်ကို ဖျက်သင့်တယ်။ အဲလို နှုတ်ခြင်းအားဖြင့် နှာခေါင်းမွှေးရဲ့ အရင်းထဲကို ရောဂါပိုးတွေ ဝင်ရောက်ပြီး နှာခေါင်းမှာ အနာတွေ ဖြစ်တတ်တယ်ပေါ့။ အဲဒါကတော့ မလုပ်သင့်ဘူးပေါ့နော်။ နောက်တစ်ခုကတော့ စောစောကပြောသလို Thyroid ဟော်မုန်းကလည်း နည်းနေတယ်ပေါ့နော်။ Thyroid ဟော်မုန်း နည်းနေတယ်ဆိုရင်တော့ ဒီဟာ Thyroid ဟော်မုန်းနည်းတဲ့ ရောဂါပေါ့။ လည်ပင်းမှာ တစ်ချို့က လည်ပင်ကြီးတယ်ပေါ့။ တစ်ချို့က လည်ပင်မကြီးဘဲနဲ့ Thyroid ဟော်မုန်း နည်းနေတယ်ပေါ့နော်။ ဟော်မုန်းနည်းတယ်ဆိုတော့ သူက အလုပ် မလုပ်နိုင်တဲ့ သဘောပေါ့နော်။ အလုပ် မလုပ်နိုင်ဘူးဆိုတော ဒီ Thyroid ဟော်မုန်းဟာ ရောင်လို့လား။ ရောင်လို့ ရှိရင်လညး် သူအလုပ် မလုပ်နိုင်ဘူး။ ဒါမှ မဟုတ်ရင် ကင်ဆာဖြစ်နေလို့လား။ ကင်ဆာဖြစ်နေလို့ ရှိရင်လည်း အလုပ် မလုပ်နိုင်ဘူးပေါ့။ အဲတော့ ဒီဟာကိုတော့ သေချာလေး စစ်ဆေးဖို့တော့ လိုတယ်ပေါ့။ စစ်ဆေးပြီးတော့မှ လိုအပ်သလို ဆက်ကုရင်တော့ ကောင်းတယ်ပေါ့။ နားပြည်ယိုတယ်လို့ ပြောတယ်ပေါ့နော်။ နားပြည်ယိုတာ စောစောက ရှင်းပြပြီးပါပြီ။ နာတာရှည် နားပြည်ယိုရောဂါဟာ ကြာလာလို့ ရှိရင်တော့ နားလေးရောဂါ ဖြစ်လာတတ်ပါတယ်။

မဇ္စျိမ- ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက်ကတော့ စန်းစန်းဝင်းတဲ့ သူက မေးလာတာကတော့ စကားကျယ်ကျယ်ပြောရင် သလိပ်ကပ်ပြီး အသံဝင်သွားတယ်တဲ့ အဲဒါ ဆရာရယ် ဘာဆေးသောက်ရင် ကောင်းမလဲ။

Prof: MMK- အဲတော့ ပုံမှန်ကတော့ သလိပ်ကပ်ပြီး အသံဝင်တာ ကျွန်တော်တို့ ဗမာတိုင်းရင်းဆေးတွေကတော့ အများကြီး ရှိတယ်ပေါ့နော်။ သောက်ကြတယ်ပေါ့နော်။ အန္တရာယ်မရှိတဲ့ ဗမာတိုင်းရင်းဆေးတွေလည်း သောက်လို့ ရပါတယ်။ တစ်ချို့ ဗမာတိုင်းရင်းဆေးတွေမှာတော့ အငံဓာတ် ပါတဲ့အတွက် သွေးတိုးရောဂါရှင်များကတော့ သတိထားပြီးတော့ သောက်သုံးသင့်ပါတယ်။

မဇ္စျိမ- နောက်တစ်ယောက်တော့ အညာသားလေးတဲ့ ကျွန်တော်က ချောင်းဆိုးရင် အနံဆိုးထွက်တယ်တဲ့။ ဘာဆေးသောက်ရမလဲ ညွှန်ကြားပေးပါတဲ့။

Prof: MMK- ချောင်းဆိုးလို့ အနံဆိုးထွက်တယ်ဆိုရင်တော့ ကျွန်တော်တို့ အဆုတ်မကောင်းတာ ဖြစ်နိုင်တယ်ပေါ့။ အဆုတ်မှာ  ပြည်တည်နာများ ရှိနေသလား။ ကျွန်တော်တို့ ဗမာမှာကတော့ တီဘီရောဂါ အဖြစ်များတယ်ပေါ့နော်။ နောက်တစ်ခါ အဆုတ်မှာ ပြည်တည်တဲ့ အနာ ဖြစ်တတ်တယ်ပေါ့။ အဲတော့ တီဗီရောဂါက သေချာ စစ်ဆေးကုသရင် ပျောက်ပါတယ်။ တီဗီဆေးတွေလည်း နိုင်ငံတော် အစိုးရက အလကားပေးနေတယ်။ ဆေးရုံ ဆေးခန်းတွေမှာပေါ့နော်။ နောက်တစ်ခုက သေချာ စစ်ဆေးဖို့တော့ လိုတယ်ပေါ့။ အဆုတ်ပြည်တယ်နာ ဖြစ်ရင်လည်း သူက စုပ်ထုတ်ဖို့ လိုရင်လည်း စုပ်ရမယ်။ ဆေးတော့ သေချာသောက်ဖို့လိုတယ်။ အဆုတ်၊ ရင်ခေါင်း ဆရာဝန်ကြီးတွေနဲ့ ပြသပြီးတော့ စမ်းသပ်စစ်ဆေးမှု လုပ်ပြီး ကုသရင် ကောင်းနိုင်ပါတယ်။

ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ဆရာ ..။

မဇ္စျိမ ပရိတ်သတ်များခင်ဗျာ နား၊ နှာခေါင်း၊ လည်ချောင်း နဲ့ ဦးခေါင်းနဲ့ ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၃) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ခင်ဗျ။ နောက်နေ့တွေမှာလည်း အပိုင်း (၄) ကို ဆက်လက် ထုတ်လွှင့်ပေးသွားပါဦးမယ်ခင်ဗျ။

အပိုင်း (၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/30445

အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/30481

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly