မသန်စွမ်း ရန်ပုံငွေမှ ဘတ်ငွေနှစ်ဘီလီယံ နုတ်သိမ်းမည့် ထိုင်းအစိုးရအား မသန်စွမ်းကောင်စီက တရားစွဲ

မသန်စွမ်း ရန်ပုံငွေမှ ဘတ်ငွေနှစ်ဘီလီယံ နုတ်သိမ်းမည့် ထိုင်းအစိုးရအား မသန်စွမ်းကောင်စီက တရားစွဲ

ဘန်ကောက်၊ သြဂုတ် ၁၀ ။             ။ ထိုင်းနိုင်ငံတွင် မသန်စွမ်းသူများ အခွင့်အလမ်းဆိုင်ရာ ရန်ပုံငွေမှ ဘတ်ငွေ နှစ်ဘီလီယံ နုတ်သိမ်းဖို့ အာဏာသိမ်းအစိုးရ၏ လုပ်ဆောင်နေခြင်း ရပ်တန့်သွားအောင် မသန်စွမ်းသူများ ကောင်စီက ထိုင်းစစ်အစိုးရကို ၂၀၁၇ အစောပိုင်းကစပြီး တရားစွဲလာခဲ့သည်။

"ကျွန်တော်တို့ ရှုံးရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ခုလို မသန်စွမ်းရန်ပုံငွေကနေ ပြန်နုတ်သိမ်းဖို့ လုပ်တယ်ဆိုတာဟာ လုပ်သင့် မလုပ်သင့်ကို အစိုးရ ခေါင်းထဲ ရောက်အောင်လို့ပါပဲ။"ဟု   ကောင်စီဝင်တစ်ဦးဖြစ်ပြီး ဥပဒေပညာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သည့် မျက်မမြင် ဝီရီယာက ပြောသည်။

ထိုင်းဥပဒေအောက်မှနေ၍ ယခုရန်ပုံငွေ နုတ်သိမ်းပမာဏကို အခြားနိုင်ငံတော် ရန်ပုံငွေတစ်ရပ်သို့ လွဲပြောင်းထည့်သွင်းခြင်းပါဟုအစိုးရက ပြောထားကြောင်း ဝီရီယာက ဆိုသည်။

လက်ရှိတွင် မသန်စွမ်းသူများ အခွင့်အလမ်းဆိုင်ရာ ရန်ပုံငွေသည် ဘတ်ငွေ တစ်ဆယ်ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၃၀၀)ခန့် ရှိထားသည်။ အဆိုပါ ရန်ပုံငွေများ၏ တစ်စိတ်တစ်ဒေသသည် မသန်စွမ်းသူများ အခွင့်အလမ်းဆိုင်ရာ အက်ဥပဒေအရ အစိုးရက အထူးအခွန်ကောက်ခံကာ စုဆောင်းမတည်ပေးထားခြင်း ဖြစ်သည်။

ဇန်နဝါရီလအတွင်းက မသန်စွမ်းသူများ ကောင်စီ၏ တရားစွဲဆိုချက်ကို ဗဟိုအစိုးရတရားရုံးက ပလပ်လိုက်ခြင်းဖြစ်သည်။ ယင်းကြောင့် ကောင်စီသည် အမှုအား အခြားတရားရုံးတစ်ရုံးတွင် အယူခံမှု ဝင်ကာ ဆုံးဖြတ်ချက်ကို စောင့်စားလျက်ရှိနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အလုပ်လုပ်နိုင်သည့်အရွယ် မသန်စွမ်း ဦးရေ ခုနစ်သိန်းခန့်ရှိရာ နိုင်ငံစုစုပေါင်း လူဦးရေ၏ တစ်ရာခိုင်နှုန်း ဖြစ်သည်။ သို့သော် ထိုအရေအတွက်တွင် လက်ရှိ အလုပ်အကိုင် ရှိထားသော မသန်စွမ်းက တစ်သိန်းခန့်သာ ရှိသည်။

မသန်စွန်းသူ ဦးရေအမှန်သည် ထိုင်းလူဦးရေ၏ ၁၅ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း၊ မိသားစုများက မသန်စွမ်းသူများကို တရားဝင်မှတ်ပုံတင်လိုကြခြင်း မရှိကြောင်း ဝီရီယာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly