သထုံခရိုင်တွင် H1N1 ရောဂါရှိသူ နှစ်ဦးတွေ့ရှိ၍ ထိန်းချုပ်ရေးလုပ်ဆောင်နေ

သထုံခရိုင်တွင် H1N1 ရောဂါရှိသူ နှစ်ဦးတွေ့ရှိ၍ ထိန်းချုပ်ရေးလုပ်ဆောင်နေ

သထုံ​၊ သြဂုတ် ၁၀ ။            ။ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ရာသီတုုပ်ကွေးရောဂါ A (H1N1) pdm 09 Positive ဖြစ်ပွားသူနှစ်ဦး တွေ့ရှိခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နေကြောင်း သြဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက မရမ်းကုန်းကျေးရွာ၊ ရွှေမာလာဘုရားဝင်းအတွင်း ပြုလုပ်သည့် ရောဂါကာကွယ်ခြင်းနှင့် ဖြစ်ပွားမှုထိန်းချုပ်ခြင်း အသိပညာပေး ဆွေးနွေးပွဲမှ သိရသည်။

သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းတွင် နေထိုင်သည့် ၁၀ လသားအရွယ် မိန်ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ၊ ကျွဲတဲစုပိုင်းတွင် နေထိုင်သည့် တစ်နှစ်အရွယ် ယောကျ်ားလေးတစ်ဦး တို့ထံတွင် A(H1N1) pdm 09 Positive ဖြစ်သည်ကို တွေ့ရှိရကြောင်း သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အတည်ပြုပြောသည်။

“နှစ်ယောက်လုံး ပဲခူးဆေးရုံမှာပါ။ သူတို့နှစ်ယောက်လုံး ဒီရောဂါပိုး ရှိတယ်ဆိုတာကို သြဂုတ်လ ၉ ရက်နေ့မှာ အတည်ပြုချက်ရပါတယ်” ဟု ဦးတေဇာအောင်က ပြောသည်။

လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားခဲ့သည့် နေအိမ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ ၀န်းကျင်ရှိ လူများအား ကျန်းမာရေးမပြတ်စောင့်ကြည့်စစ်ဆေးပြီး ထူးခြားပါက ချက်ချင်းကုသမှုခံယူနိုင်ရန် စီစဉ်ထားခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ရောဂါတွေဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများသတိထားနေထိုင်ကြရန်နှင့် စိုးရိမ်မှုလျော့ပါးစေရန် အသိပညာပေး လုပ်ငန်းများကိုပါ ဆောင်ရွက်နေကြောင်း သထုံခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

ရာသီတုပ်ကွေးရောဂါ A(H1N1) မကူးစက်နိုင်အောင် Mask တပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းထက် လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးခြင်း၊ လေဝင်လေထွက်ကောင်းသော နေရာတွင် နေခြင်း၊ အပြင်မှပြန်လာပါက အဝတ်အစား ချက်ချင်းလဲခြင်း၊ အစားကောင်းကောင်း စားခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ကိုယ်ခံအား ကောင်းမွန် အောင်နေခြင်း၊ မလိုအပ်ပါက လူများသောနေရာများသို့ သွားလာမှုရှောင်ကြဉ်ခြင်းတို့ကို ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း လက်ရှိအချိန်အထိ ရာသီတုုပ်ကွေးရောဂါ A(H1N1) pdm 09 Positive ဖြစ်ပွားသူမှာ ၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၁ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly