ဂူအမ်ကျွန်းကို ဒုံးကျည်ပစ်ခတ်မည့် အစီအစဉ်အသေးစိတ်အား မြောက်ကိုရီးယား ထုတ်ပြန်

ဂူအမ်ကျွန်းကို ဒုံးကျည်ပစ်ခတ်မည့် အစီအစဉ်အသေးစိတ်အား မြောက်ကိုရီးယား ထုတ်ပြန်

ပြံုယမ်း၊ သြဂုတ် ၁၀ ။             ။ အမေရိကန် စစ်အခြေစိုက်စခန်းရှိသော ဂူအမ်ကျွန်းကို ပဲ့ထိန်းဒုံးကျည်များ အကူအညီဖြင့် တိုက်ခိုက်မည့် မျှော်မှန်းအစီအစဉ် အသေးစိတ်ကို မြောက်ကိုရီးယားနိုင်ငံက သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ကင်ရတ်ဂျောင်း လက်မှတ်ရေးထိုးကာ နိုင်ငံပိုင်သတင်းဌာန KCNA က အဆိုပါ အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နွေဦးက ရာထူးခန့်အပ်ခံရသော ကင်ရတ်ဂျောင်းသည် ကင်ဂျုံးအွန်၏ ထိပ်တန်းအရာရှိပြီးလျှင် ဒုတိယအကြီးဆုံး ရာထူးရထားသည့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။   မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံများတွင် ၎င်းအား ကင်ဂျုံးအွန်နှင့်အတူ မကြာခဏ တွေ့ရသည်။

ယခု ထုတ်ပြန်ချက်တွင် Hwasong 12 ဒုံးကျည်လေးစင်းကို ဂျပန်နိုင်ငံ ရှီမာနီ၊ ဟီရိုရှိးမားနှင့် ကိုချီပြည်နယ်များအထက် ကောင်းကင်မှ ဖြတ်သန်းကာ ပစ်လွှတ်မည်ဖြစ်သည့် အစီအစဉ်ကို အပြီးသတ်ရေးဆွဲပြီးကြောင်း စစ်တပ်က ကြေညာထားသည်။

"ဒုံးကျည်တွေက စက္ကန့် ၁၀၆၅ စက္ကန့်အတွင်း ၃၃၅၆ ကီလိုမီတာကို ဖြတ်သန်းပြီး ဂူအမ်ကျွန်းနား ၃၀၊ ၄၀ ကီလိုမီတာအကွာ ရေပြင်ကို ထိမှန်ကျရောက်မှာ ဖြစ်တယ်။"ဟု ယင်းကြေညာချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly