ရှစ်လေးလုံးအတွင်း ကျဆုံးခဲ့သူများအတွက် အမှတ်တရနေရာ လုပ်ပေးစေလိုဟု မဝင်းမော်ဦး၏ မိခင်ပြော

ရှစ်လေးလုံးအတွင်း ကျဆုံးခဲ့သူများအတွက် အမှတ်တရနေရာ လုပ်ပေးစေလိုဟု မဝင်းမော်ဦး၏ မိခင်ပြော

ရန်ကုန်၊ သြဂုတ် ၁၀ ။            ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအကြောင်းကို နောင်လာနောက်သားများ သိစေရန် အရေးအခင်းတွင်း ကျဆုံးခဲ့သူများအတွက် အမှတ်တရ နေရာ လုပ်ပေးစေချင်ကြောင်း ရှစ်လေးလုံးအရေးအခင်းတွင် ကျဆုံးခဲ့သူ တစ်ဦး ဖြစ်သည့် မဝင်းမော်ဦး၏ မိခင် ဒေါ်ခင်ဌေးဝင်းက ပြောသည်။

သြဂုတ်လ ၈ရက်နေ့မှာ ကျင်းပခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ၂၉နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အခုလိုပြောခဲ့ခြင်း ဖြစ်သည်။

မဝင်းမော်ဦးသည် ရှစ်လေးလုံး အရေးတော်ပုံတွင် ပါ၀င်ခဲ့ပြီး ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့က အခြေခံပညာ ကျောင်းသားသမဂ္ဂ အဖွဲ့များက အာဏာသိမ်းစစ်အစိုးရကို ချီတက်ဆန္ဒပြကြရာ  ရှေ့ဆုံးမှနေ၍ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုင်ကာ ချီတက်ခဲ့သူ ဖြစ်သည်။

"အန်တီအနေကတော့ နိုင်ငံတော်အစိုးရနဲ့ သမ္မတကြီးဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြောချင်ပါတယ်။ ရှစ်လေးလုံးမှာကျဆုံးသွားတဲ့သူတွေကိုဘာပဲဖြစ်ဖြစ် မမေ့မလျော့ပဲနဲ့ နေရာလေးတစ်နေရာလောက်ကို မှတ်မှတ်ရရလေးဖြစ်အောင် ကျောက်တိုင်လေးတစ်ခုလောက်တော့ လုပ်ပေးစေချင်ပါတယ်။ အဲ့ဒါမှ နောက်လာနောက်သားတွေက ဘာကြောင့်သေသွားတယ် ဒီလူတွေက ပြောပြလို့ရမှာ။အဲ့ဒါကြောင့် အဲ့ဒါလေးတော့ အန်တီက သမီးတစ်ယောက်ထဲတင်မဟုက်ဘူး အားလုံးအတွက်ပေ့ါနော် ရှစ်လေးလုံးမှာကျဆုံးသွားခဲ့တဲ့ လူတွေအတွကို မှတ်တိုင်လေးတစ်ခုလောက်တော့ လုပ်ပေးစေချင်ပါတယ်" ဟု  ရှစ်လေးလုံးအရေးအခင်းတွင်ကျဆုံးခဲ့သည့် မဝင်းမော်ဦး၏ မိခင် ဒေါ်ခင်ဌေးဝင်းက ပြောသည်။

မဝင်းမော်ဦးမှာ ရှစ်လေးလုံး အရေးတော်ပုံ၌ ပါ၀င်ခဲ့စဉ် ဘယ်ဘက်ပေါင်တွင် ကျည်ဆန်တစ်ချက်၊ ညာဘက်ဒူးတွင် ကျည်ဆန်တစ်ချက်နှင့် ညာဘက်လက်မောင်းကို ထုတ်ချင်းပေါက်ဖောက်ထွက်၍ ခန္ဓာကိုယ်ကို ကျည်ဆန် တစ်ချက် ထိမှန်ခဲ့ပြီး ကွယ်လွန်ခဲ့သော ကျောင်းသူတစ်ဦး ဖြစ်သည်။

မဝင်းမော်ဦး၏ ရုပ်အလောင်းကို ၁၉၈၈ခုနှစ်၊ စက်တင်ဘာ ၂၀ရက်နေ့က ကြံတောသုသာန်တွင် မီးသဂြိုလ်ခဲ့ပြီး ရေစက်ချအမျှပေးဝေမှုကိုမူ ၂၀၁၆ ခုနှစ်၊ မေလ ၂၂ရက်နေ့တွင် မဝင်းမော်ဦး၏ မိဘများ လက်ရှိနေထိုင်ရာ လှိုင်သာယာနေအိမ်တွင် ရွှေညဝါ ဆရာတော်ကို အမှုးထားပြီး ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly