ပုသိမ်ခရိုင်တွင် နှစ်ဝက်အတွင်း တောဆင်ရိုင်း ၁၂ကောင် အသတ်ခံရ

ပုသိမ်ခရိုင်တွင် နှစ်ဝက်အတွင်း တောဆင်ရိုင်း ၁၂ကောင် အသတ်ခံရ
ဓာတ်ပုံ - ကိုကျော်လွင် 

ပုသိမ်၊ သြဂုတ် ၁၀ ။         ။ ပုသိမ်ခရိုင်အတွင်း ၂၀၁၇ခုနှစ် ဩဂုတ်လအထိ  နှစ်ဝက်အတွင်း တောဆင်ရိုင်း ၁၂ကောင်အား ဆင်မုဆိုးများ သတ်ဖြတ်ခဲ့ကြောင်း ဒုရဲမှူးကြီးခင်မောင်ဇော်က ပြောသည်။

"အခု ဩဂုတ်လအထိ တောဆင်ရိုင်း၁၂ကောင် သတ်ဖြတ်ခံရတယ် ။ အဓိက ငပုတောမြို့နယ်အများဆုံး၊ ပြီးတော့ ပုသိမ်၊သာပေါင်းက နည်းပါတယ်၊ဒီနှစ်ပိုင်းမှာဖြစ်လာတာ အဆိပ်လူးမြှားပေါ့ ။ ဒူးလေးနဲ့ထည့်ပြီး မြှားကိုထိပ်က သံချောင်းအချွန်တပ်တယ်၊ အဆိပ်သုတ်တယ်။ ဒီနှစ်ပိုင်းမှာတွေ့တယ်။  ပစ်လိုက်၊ တခြားနေရာမှာ လာသေတယ် ။ ဒဏ်ရာကိုကြည့်လိုက်တာ တွေ့ရတယ်၊ဒီနှစ်ထဲမှာ အရေးယူထားတာ ၁၂မှုရှိပါပြီ”ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။

မြန်မာ့သစ်လုပ်ငန်းမှ ဆင်များ သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်ပြီး ကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းများ လုပ်ဆောင်ထားကြောင်း သိရပြီး မိုးတွင်းကာလတွင် ဆင်ရိုင်း သတ်ဖြတ်ခံရမှုများ ရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ငပုတောမြို့နယ်တွင် အဆိပ်လူးမြှားဒဏ်ရာဖြင့် ဆင်နှစ်ကောင် သေဆုံးခဲ့သည်။

“ ငပုတောမြို့နယ်တွင် ဩဂုတ်လဆန်းပိုင်းမှာ ၂၆နှစ်ရှိဆင်နှင့်၄နှစ်အရွယ်ရှိဆင် မြှားဒဏ်ရာနဲ့ ပထမနေ့က တစ်ကောင်တွေ့တယ်၊နောက်နေ့မှာ ၄နှစ်အရွယ်ဆင်ကို တွေ့တယ်။ သတ်ဖြတ်သည့်တရားခံများ ဖမ်းဆီးစစ်ဆေးနေတယ်” ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

ဧရာဝတီတိုင်းတွင် ဆင်သတ်ဖြတ်မှုများ များပြားလာသောကြောင့် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောရဲ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပြီး ငပုတောမြို့နယ်၊ပုသိမ်မြို့နယ် စုံစမ်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ ငပုတောမြို့နယ် မြစ်တစ်ရာကြိုးဝိုင်း ဝင်ဖမ်းတဲ့အခါ တရားခံတွေ ဖမ်းဆီးရမိပါတယ်။ သက်သေခံပစ္စည်းတွေ သိမ်းဆည်းရမိပါတယ် ”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

"ပုသိမ်ခရိုင်ထဲမှာ တောဆင်ရိုင်း တရားမဝင်သတ်ဖြတ်မှုတွေ ၊ မိုးတွင်းကာလတွေ တောထဲမှာ လူအရောက်အပေါက်နည်းတဲ့အချိန်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ် ။ နယ်မြေခံရဲတပ်ဖွဲ့တွေ သစ်တောလုံခြံုရေးတပ်ဖွဲ့တွေ သစ်တောဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်တာရှိပါတယ်။ တောဆင်ရိုင်း သတ်ဖြတ်တဲ့မုဆိုးတွေ ဖမ်းဆီးရမိဖို့ဆောင်ရွက်လျှက်ရှိကြောင်း ” မြန်မာ့သစ်လုပ်ငန်း လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းကျော်က မဇ္ဈိမသို့ပြောသည်။

တောဆင်ရိုင်းသတ်ဖြတ်သော မုဆိုးများ ဖမ်းဆီးရမိရန် သစ်တောဌာနမှ ကျေးရွာများတွင် ဟောပြောပွဲများ၊  ပုသိမ်မြို့နယ်ရှောပြာကျေးရွာ ၊သာပေါင်းမြို့နယ်သဲဖြူ၊ငပုတောမြို့နယ် မဏ္ဍုပ်ကျေးရွာများတွင် ပြုလုပ်ခဲ့ပြီး ဆင်နှင့်လူ ပဋိပက္ခ လျော့နည်းပပျောက်ရန်အတွက် တောဆင်ရိုင်းအန္တရာယ် များ၊ လူတွေကို ထိခိုက်မှုလျော့နည်းရန် ဆင်ရိုင်းမောင်းထုတ်အဖွဲ့တွေ ဖုန်းနံပါတ်များ  ဖြန့်ဝေထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၆ ခုနှစ်တွင် တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခံရပြီး ၂၀၁၇ ခုနှစ်အတွင်း ဩဂုတ်လ ၁၀ရက်နေ့အထိ တောဆင်ရိုင်း၁၂ကောင် သတ်ဖြတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly