အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေကြသူများ နေရပ်သို့ ပြန်လည်ရောက်ရှိ

အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေကြသူများ နေရပ်သို့ ပြန်လည်ရောက်ရှိ

စစ်တွေ၊ သြဂုတ်လ ၁၀ ရက်။                     ။ ရခိုင်မြောက်ပိုင်းဒေသ အကြမ်းဖက်ခံရမှု ဖြစ်စဉ်များကြောင့် နေရပ်ဒေသများမှ ထွက် ပြေးတိမ်းရှောင်နေကြသူများ မူလနေထိုင်သည့် ကျေးရွာများသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့် ပေါက်ပင်ရင်း ကျေးရွာတို့မှ ဒေသခံတိုင်းရင်းသား တို့သည် ၎င်းတို့၏ ကျေးရွာများတွင် နေထိုင်ရန် လုံခြံုစိတ်ချရမှု မရှိသောကြောင့် အိုးအိမ်များကို စွန့်ခွာခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့က အိမ်ထောင်စု ၁၃၄ စု၊ လူဦးရေ ၆၂၂ ဦးတို့မှာ ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာနှင့် ဂွဆုံကျေးရွာများသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသူများမှာ သြဂုတ် ၈ ရက်နေ့တွင် အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ၂၈၇ ဦးနှင့် သြဂုတ် ၉ ရက်တွင် အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၃၃၅ ဦးတို့သည် ၎င်းတို့၏ မူလကျေးရွာများသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

“ဟုတ်ကဲ့ပါ။ နေရပ်တွေကို ပြန်ရောက်နေကြပါပြီ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေး တပ်မတော်စစ်ကြောင်းတို့က လာရောက်ကူညီပေးထားတာပါ။ စားဝတ်နေရေးကလည်း သူတို့စေတီပြင်မှာ ရောက်နေကတည်းက ပြည့်ပြည့်စုံစုံ ထောက်ပ့ံပေးထားတာတွေရှိတယ်။ ဆန်ရော၊ ဆီရော၊ ခေါက်ဆွဲရော၊ ရေသန့်ကအစ။”ဟု ရသေ့တောင်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက RiA သို့ ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားအား၏ လုံုခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့များကို အင်းအားတိုးချဲ့ထားပြီး တပ်မတော်က လှည့်ကင်းများဖြင့် စောင့်ရှောက်ပေးလျက်ရှိကြောင်း ဆက်လက်ပြောသည်။

ယင်းအပြင် ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ် ဆောင်နိုင်ရေး ကိစ္စရပ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ANP ပါတီ ခေါင်းဆောင်များ သြဂုတ်လ ၉ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး ယနေ့နံနက်ပိုင်းက စစ်ဖက်ဆိုင်ရာလုံခြုံရေး တိုးမြှင့်ရန်အတွက် တပ်မတော်သားများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly