အက်မာတော့ဗ်ကို ပထမဆုံးရှုံးပွဲ ကြံုတွေ့စေခဲ့ပြီး ရှုံကြွေးဆပ်နိုင်ခဲ့တဲ့ အက်ဒရီယာနိုမိုရက်စ်

အက်မာတော့ဗ်ကို ပထမဆုံးရှုံးပွဲ ကြံုတွေ့စေခဲ့ပြီး ရှုံကြွေးဆပ်နိုင်ခဲ့တဲ့ အက်ဒရီယာနိုမိုရက်စ်

အက်မာတော့ဗ်နဲ့မိုရက်စ်တို့ရဲ့ပွဲစဉ်က ရန်ကြွေးဟောင်းတွေရှိနေပြီး ခါးပတ်စိန်ခေါ်ပွဲဖြစ်တာကြောင့် ပရိသတ် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့ကြဖူးပြီး ကာဇက်စတန်ဖိုက်တာ အက်မာတော့ဗ်က ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

ဘရာဇီးဖိုက်တာ အက်ဒရီယာနိုမိုရက်စ်ဟာ သူ့ရဲ့ခါးပတ်ကို ပြန်ယူနိုင်ဖို့ စိတ်အားအလွန်ထက်သန်နေပါတယ်။ အက်မာတော့ဗ်နဲ့ မကျေပွဲနွှဲဖို့အတွက် မိုရက်စ်ဟာ ပြင်ဆင်မှုတွေ   သေချာပြုလုပ်ထားတာ   ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ကာဂျစ်စတန်ဖိုက်တာ ဘက်တီရော့ဗ်၊ ဖိလစ်ပင်းဖိုက်တာ တိုကွီရိုတို့နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ နှစ်ပွဲစလုံးကို အချီမပြည့်ခင်မှာတင် ပွဲဖြတ်ပြီး မိုရာလက်စ်က အကောင်းဆုံး လက်စွမ်းကို ရရှိနေတာပါ။

အက်မာတော့ဗ်ကတော့ မိုရက်စ်နဲ့ပွဲအပြီးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့လို့ နားနေခဲ့ပြီး ပွဲပြတ်နေခဲ့ပါတယ်။

တကယ်တမ်းပွဲလွှတ်လိုက်တဲ့အခါမှာတော့ ပြင်ဆင်မှုပိုကောင်းခဲ့တဲ့ မိုရက်စ်က အသာစီးနဲ့ပွဲကို ထိုးသတ်နိုင်ခဲ့ပါတယ်။ အက်မာတော့ဗ်က သူအားသာတဲ့ ချုပ်ကွက်တွေနဲ့ မိုရက်စ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားပေမယ့် အရာမထင်ခဲ့ပါဘူး။ မိုရက်စ်ရဲ့ တန်ပြန်တိုက်စစ်တွေက ထိရောက်ခဲ့ပါတယ်။

မိုရက်စ်ရဲ့ ကန်ချက်တွေ၊ ဒူးအမြင့်တိုက်ချက်တွေနဲ့ ပြန်ချုပ်ကွက်တွေက အက်မာတော့ဗ်ကို အမှတ်တွေဆုံးရှုံးစေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ချုပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ပြန်ဖြည်တဲ့နေရာမှာလည်း ကျွမ်းကျင်ကြလို့ တစ်ယောက်နဲ့တစ်ယောက် ပထမပွဲလိုပဲ ပွဲမဖြတ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ဒိုင်အဆုံးအဖြတ်ကိုပဲ ခံယူခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ပွဲကို ပိုစိုးမိုးနိုင်ပြီး တန်ပြန်တိုက်စစ်တွေကောင်းခဲ့တဲ့ မိုရက်စ်ကို ဒိုင်တွေက အနိုင်ပေးခဲ့ပါတယ်။

ဖလိုင်းဝိတ်တန်းမှာ ၂၃ ပွဲအထိနိုင်ပွဲရထားပြီး အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အက်မာတော့ဗ်ရဲ့ ပထမဆုံးရှုံးပွဲ ဖြစ်သွားစေခဲ့ပါတယ်။ “Black Diamond” လို့ အမည်ရတဲ့ မိုရာလက်စ်အတွက်တော့ ၁၆ ပွဲမြောက်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly