မဲပေးမှုစနစ်ကို ဟက်ကာတိုက်ခိုက်ခံရခြင်း မရှိဟု ကင်ညာရွေးကောက်ပွဲ ကော်မရှင် ငြင်းဆန်

မဲပေးမှုစနစ်ကို ဟက်ကာတိုက်ခိုက်ခံရခြင်း မရှိဟု ကင်ညာရွေးကောက်ပွဲ ကော်မရှင် ငြင်းဆန်

နိုင်ရိုဘီ၊ သြဂုတ် ၁၀ ။                    ။  ကင်ညာနိုင်ငံတွင် ရွေးကောက်ပွဲ မဲပေးမှုစနစ်ကို ဟက်ကာတိုက်ခိုက်ပြီး အာဏာရ ပါတီ အရေးသာအောင် ကုလားဖန်ထိုးခံရသည်ဟု အတိုက်အခံညွန့်ပေါင်းအုပ်စုများ၏ စွပ်စွဲချက်ကို ရွေးကောက်ပွဲကော်မရှင် IEBC က သြဂုတ် ၉ ရက်တွင် ငြင်းဆန်လိုက်သည်။

“မဲမပေးခင်ရော၊ မဲပေးပြီးရော မဲပေးစနစ်ကို ပြည်တွင်း၊ ပြည်ပကနေ ကြားဝင်ကဖျက်ကယက်လုပ်တဲ့ ဟက်ကာတိုက်ခိုက်တာမျိုး မရှိခဲ့ဘူး။”ဟု IEBC အမှုဆောင်ချုပ် အီဇရာချီလိုဘာက သတင်းထောက်များအား ပြောသည်။

လက်ရှိသမ္မတ အူဟူရူကင်ယက်တာ အားကောင်းကောင်းဖြင့် တစ်ပြေးနေသော ပြည်နယ်မဲရလဒ်ကို သမ္မတလောင်း ယှဉ်ပြိုင်သူတစ်ဦးဖြစ်သည့် ရေးလားအိုဒင်ဂါက ငြင်းပယ်လိုက်ပြီးနောက်တွင် ချီလိုဘာက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

အတိုက်အခံများဖက်က ရွေးကောက်ပွဲအပေါ် ယခုကဲ့သို့ လက်မခံဘဲ ပြောဆိုလာခြင်းများကြောင့် ဆူပူဆန္ဒပြမှု တစ်ချို့ဖြစ်ပွားခဲ့သည်။

ဆန္ဒပြမှုများအတွင်း လူနှစ်ဦး သေဆုံးကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများ ရှိနေသည့် ဆန္ဒပြမှုများတွင် လူသေဆုံးမှု မရှိကြောင်းကို အစိုးရက သြဂုတ် ၉ ရက်တွင် ငြင်းဆန်ထားသည်။

“စွပ်စွဲချက်တွေက ခိုင်ခိုင်လုံလုံ မရှိဘူးဆိုတာကို ကျွန်တော်တို့ ကော်မရှင်အဖွဲ့့ သက်သေထူနိုင်ပါတယ်။”ဟု ချီလိုဘာက ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲစီမံပုံ စနစ်ဟာ လုံခြံုတယ်ဆိုတာကို အတည်ပြုလိုပါတယ်။ မဲပေးစနစ်ကို ပြည်တွင်း၊ ပြည်ပကနေ နှောင့်ယှက်တိုက်ခိုက်တာ မဖြစ်ခဲ့ပါဘူး။””ဟု ၄င်းက ဆိုသည်။

ကင်ညာနိုင်ငံတွင် လွန်ခဲ့သော ဆယ်နှစ်က အငြင်းပွားသည့် ရွေးကောက်ပွဲပြီး နောက်ပိုင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁၀၀ ကျော် သေဆုံးပြီး ခြောက်သိန်းကျော် အိုးအိမ်စွန့် တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။

လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် IEBC က ၄င်း၏ ဝက်ဘ်ဆိုက်တွင် မဲရလဒ် ၉၇ ရာခိုင်နှုန်း နီးပါး၏ အကြို မဲခန့်မှန်းအချက်အလက် ထုတ်ပြန်ထားရာတွင် ဒုတိယသမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်နေသည့် သမ္မတ ကင်ယက်တာက ၅၄ ဒဿမ ၃ ရာခိုင်နှုန်း ရရှိထားပြီး ယှဉ်ပြိုင်ဖက် သမ္မတလောင်း အိုဒင်ဂါက ၄၄ ဒဿမ ၈ ရာခိုင်နှုန်း ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly