မြောက်ကိုရီးယားတွင် အစိုးရ ထောက်ခံပွဲပြုလုပ်၊ ဂူအမ်ကျွန်းနား ရက်ပိုင်းအတွင်း ဒုံးကျည်များ ကြဲချရန် အသင့်ပြင်မည် ပြော

မြောက်ကိုရီးယားတွင် အစိုးရ ထောက်ခံပွဲပြုလုပ်၊ ဂူအမ်ကျွန်းနား ရက်ပိုင်းအတွင်း ဒုံးကျည်များ ကြဲချရန် အသင့်ပြင်မည် ပြော

ပြံုယမ်း၊ သြဂုတ် ၁၀ ။                    ။ ဝါရှင်တန်နှင့် စကားလုံးစစ်ပွဲများ ပြင်းထန်လျက်ရှိချိန်တွင် အမေရိကန်ပိုင် ဂူအမ်ကျွန်းနား ဒုံးကျည်လေးစင်းကို သြဂုတ်လလယ်အတွင်း ကြဲချနိုင်အောင် အသင့်ပြင်ဆင်ထားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ထပ်လောင်းပြောလိုက်ပြန်သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အပြန်အလှန် စကားလုံးတိုက်ပွဲများ ပြင်းထန်နေသည့် ယခုအချိန်တွင် မြောက်ကိုရီးယားနိုင်ငံအတွင်း ၄င်းတို့အစိုးရအား ထောက်ခံပွဲကို လူထောင်ပေါင်းများစွာဖြင့် ကျင်းပခြင်းကိုလည်း နိုင်ငံပိုင်သတင်းက ထုတ်လွှင့်ပြသသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခြိမ်းခြောက်မှုများကို မီးကုန်ယမ်းကုန် အပြင်းထန်ဆုံး တုံ့ပြန်သွားမည်ဟု သြဂုတ် ၉ ရက်တွင် ပြောလိုက်ပြီးနောက် နာရီပိုင်းအတွင်း မြောက်ကိုရီးယားဖက်က ပြန်လည်တုံ့ပြန်ရာတွင် အမေရိကန် ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်ထားသော ပစိဖိတ်ပိုင်နက် ဂူအမ်ကျွန်းကို ဒုံးကျည် ကြဲဲချရန် စဉ်းစားနေပြီဟု နိုင်ငံပိုင်သတင်းကနေ ထုတ်လွှင့်လိုက်သည်။

ယင်းအပြင် နိုင်ငံတွင်း၌လည်း ၄င်းတို့အစိုးရအား ထောက်ခံပွဲကို ပြည်သူထောင်ပေါင်းများစွာဖြင့် ကျင်းပပြုလုပ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားဖက်က ထိုသို့ တုံ့ပြန်မှုများ ပြင်းထန်နေချိန်တွင် သမ္မတ ထရမ့်က အမေရိကန်၏ နျူကလီးယားလက်နက်သိုက်သည် ယခင်ကထက် စွမ်းအားကြီးမားနေသည်ဟု တွစ်တာတွင်   ရေးသားလိုက်ပြန်သည်။

ထိုသို့ ရေးသာမှုအပေါ် မြောက်ကိုရီးယားနိုင်ငံသည် စကားလုံးထိုးစစ် ထပ်မံပစ်ခွင်းသည့်အနေဖြင့် သြဂုတ်လလယ်အတွင်း ဂူအမ်ကျွန်းအနီး ဒုံးကျည်လေးစင်း ကြဲချနိုင်အောင် ပြင်ဆင်ထားမည်ဟု ထပ်လောင်း ဆိုလာခဲ့ခြင်းဖြစ်သည်။

Hwasong 12 ဒုံးကျည်များဖြင့် ဂျပန်နိုင်ငံအပေါ်မှ ဖြတ်ကာ ဂူအမ်ကျွန်းမှ ၁၇ မိုင်အကွာခန့်ကို လှမ်းပစ်နိုင်အောင် စစ်တပ်က ပြင်ဆင်နေပြီး ခေါင်းဆောင်ကင်ဂျုံးအွန်ထံ အတည်ပြုချက် တောင်းခံမည်ဟု နိုင်ငံပိုင်သတင်းက ထုတ်ပြန်လိုက်သည်။

အဆိုပါ နိုင်ငံပိုင်သတင်း ထုတ်ပြန်ချက်တွင် ထရမ့်၏ အပြောအဆိုအပေါ်ကို ရှုတ်ချထားကာ အမေရိကန်ခေါင်းဆောင်သည် စဉ်းစားအဆင်ခြင်မဲ့သည်ဟု ထိုးနှက်ဝေဖန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly