ရေဘေး ကယ်ဆယ်ရေးနှင့် အနုပညာရှင် အမျိုးသမီးများ အသံ

ရေဘေး ကယ်ဆယ်ရေးနှင့် အနုပညာရှင် အမျိုးသမီးများ အသံ

မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့် ပြည်သူများ အ တွက် ပရဟိတ လူငယ်အဖွဲ့အစည်းများမှ အလှူငွေများ ကောက်ခံကာ လှူဒါန်းခြင်းများ  ပြုလုပ်လျက် ရှိသလို အနုပညာရှင်များ ကလည်း ၎င်းတို့ တတ်စွမ်းသည့် အနုပညာနှင့်အတူ ကိုယ်တိုင် ပါဝင် လှူ ဒါန်းမှုများလည်း လုပ်ဆောင်လျက် ရှိသည်။

ရေဘေးသင့် ပြည်သူများအတွက် အနုပညာရှင်များ၏ လုပ်ဆောင်နေမှုများ ၊ လှူဒါန်းမှုများ အပြင် ပရဟိတ လူငယ်အဖွဲ့အစည်း အများအပြား ရေဘေးသင့် ပြည်သူများအတွက် လုပ်ဆောင် နေမှုများအပေါ် မဇ္ဈိမက မေးမြန်းကောက်နှုတ် တင်ပြသည်။  

သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို

ရုပ်ရှင် သဘင် ဂီတပူးပေါင်းပြီး လုပ်တဲ့ ပွဲတုန်းကလည်း လုပ်အားဒါနကော ပါဝင်ခဲ့တယ်။ နောက် မေတ္တာသင်္ဂဟ အဖွဲ့ကလည်း လှူဒါန်းမှုတွေ လုပ်တယ်။ နောက်ထပ် မေတ္တာသင်္ဂဟ အဖွဲ့နဲ့ပဲနောက်ထပ် တစ်ကြိမ်ထပ်ပြီး လှူဖိုွှ စီစဉ်ထားတယ်။ ထပ်လှူမယ့် နေရာကိုတော့ အဖွဲ့အင်အားလုံးရဲ့ အများ ဆန္ဒကိုယူပြီး လှူမှာပါ။

အခု အားလုံးက ကိုယ့်တိုင်းပြည် အရေးဆိုတော့ မနေသာပဲ ကိုယ်နိုင်တဝန်ကို ထမ်းပြီး လုပ်ဆောင် ကြတယ်။ ကိုယ်နိုင်သလောက် ဝိုင်းကူပြီး လုပ်ဆောင်နေကြတယ်။ ရေဘေးသင့် ပြည်သူ တွေအတွက် အများကြီ ကိုယ်ချင်းစာပါတယ်။ လူတစ်ယောက် ကိုယ့်အိုးအိမ် ပျက်စီးရတာပဲ ဖြစ်ဖြစ် ဆုံးရှုံးရတာပဲ ဖြစ်ဖြစ် လျော့ပါးရတာပဲ ဖြစ်ဖြစ် နေရေးထိုင်ရေး နောက်ထပ် ထပ်လုပ်ရမယ့် အရာတွေ အများကြီးပါပဲ။ လူသားချင်းထက် နိုင်ငံသားအချင်းချင်း လူသားအချင်းချင်း  ထပ်တူ ခံစားရပါတယ်။

အစိုးရဘက်က ကူညီမှု နည်းနည်းပါးပါးပဲ တွေ့ရပါတယ်။ တာဝန်အရှိဆုံးကတော့ အစိုးရပေါ့ တိုင်းပြည် တစ်ပြည်မှာ ဒါပေမယ့်လည်း သေချာဆက်စပ် စဉ်းစားကြည့်ပြန် င်လည်း သစ်တော ပြုန်း တီးမှုကြောင့် အများဆုံး ဖြစ်တာဆိုတော့ သစ်တောကို ပြုန်းတီးအောင် လုပ်ကြသူ မည်သူမဆို တာ ဝန် ရှိပါတယ်။

အဆိုတော် အိမ့်ချစ်

ပြီးခဲ့တဲ့ ၂ရက်နေ့က မချစ်သုဝေ ဖိတ်ကြားမှုနဲ့ ကိုမင်းကိုနိုင်တို့ရော ကျောင်းသားလေးတွေပါ အားလုံး စုပေါင်းပြီး လှည်းတန်းနဲ့ ယုဇနပလာဇာဘက်မှာ အလှူခံဖြစ်ခဲ့တယ်။ နောက်ထပ် သြဂုတ် ၆ ရက်နေ့လောက်မှာ ဖိတ်တဲ့အိမ်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး သီချင်းဆိုပြပြီး အလှူခံဖို့လည်း ရှိ တယ်။ ၉ ရက်နေ့ကျရင် ဂျန်းရှင်းမော်တင်မှာ ကိုမောင်မောင်အေးရယ် ရန်ကုန်အခြေစိုက် ပရဟိတ အ ဖွဲ့က ကလေးတွေနဲ့ ညီမတို့ ဂျန်းရှင်းမော်တင်မှာ သီချင်းဆိုမယ် ကိုယ်တိုင် အလှူခံပေးအုံးမယ်။

ပရဟိတအဖွဲ့ လူငယ်တွေလိုက်ပြီး အလှူငွေတွေ ကောက်ခံနေတာ မြင်ရတော့ ကောင်းပါ တယ်။ လူငယ်တွေကော လူကြီးတွေရော အားလုံးစုပေါင်းပြီး ကူညီကြတာ မြင်ရတော့ အများကြီးပဲ ဝမ်းသာမိပါတယ်။ အခု ရေဘေးသင့် ပြည်သူတွေ ခံစားနေရတဲ့ ခံစားချက်ကို ညီမနားလည်တယ် ဘာဖြစ်လို့လဲဆိုရင် နာဂစ်ဖြစ်တုန်းက ညီမရဲ့အိမ်က ပျဉ်ထောင်အိမ် ဆိုတော့ လုံးဝကိုပြိုလဲပြီး ရေတွေ ဝင်ပြီး အရမ်းဒုက္ခ ရောက်ခဲ့ဖူးတယ်။ အိမ်ပေါ်ကနေ ပေးဆင်းပြီး အိမ်ကို စွန့်ခွာရတဲ့ ခံစားချက်ကို သိ တယ် အဲတာကြောင့် မို့လို့လဲ ညီမပါဝင်ပြီး ကူညီပေးဖြစ် နေတာပါ။ ဒီအချိန်မှာ ကတော့ ဘယ်သူ ဘယ်ဝါ ခွဲခြားနေမှာထက်ကို ဘယ်သူပဲဖြစ်ဖြစ် ကူညီဖို့ပဲ အရေးကြီးပါတယ်။

Miss Earth Myanmar 2015 အိမ့်မျက်ခြယ်

ညီမတို့ မကွေးဘက် တစ်လျှောက်ကိုသွားပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီ ပေးခဲ့ပါ တယ်။ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ လိုက်သွားကြတဲ့အခါမှာ အလှမယ် ဆိုတော့ တချို့က ပြောကြ တယ် နုနုရွရွလေးတွေ ဘာလိုက်လုပ်မှာလဲပေါ့ အကူအညီ မဖြစ်ဘူးပေါ့ ကိုယ့်ကိုပဲ ကယ်ဆယ်ရေး အဖွဲ့တွေက ဂရုစိုက်နေရမယ်ဆိုပြီး ပြောကြတယ် ဒါပေမယ့်လည်း ညီမတို့က ဘာလို့နေခဲ့ရမှာလဲ ဆိုပြီး အဲဒီ စိတ်နဲ့ပဲ လိုက်သွားပြီး ကူညီပေးဖြစ် ခဲ့ပါတယ်။ ကိုယ်တိုင် လိုက်သွားပြီး လှူခဲ့တာ ဆိုတော့ အတွေ့အကြုံတွေလည်း ရရှိခဲ့ပါတယ်။

နောက်ထပ်လည်း အခု သြဂုတ် ၉ ရက်နေ့မှာ ပွင့်ဖြူဘက်ကို သွားပြီး လှူဖို့ရှိပါတယ်။ လှူဒါန်း မှုတွေအပြင် ဟောပြောပွဲတွေလည်း ပါဝင်မှာပါ။
အခု အလှူငွေ လိုက်ကောက်ခံနေတဲ့ လူငယ်တွေ မြင်ရတော့ ပီတိဖြစ်တယ်။ လူငယ်တွေ တက်ကြွ လှုပ်ရှားကြတယ် အင်္ကျ ီဆင်တူတွေနဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး အလှူငွေ ကောက်ခံ နေကြ တာဆိုတော့ အရမ်းပီတိ ဖြစ်ရပါတယ်။

အဆိုတော် ရတနာမိုင်

မနေ့ကပဲ အဖြူရောင်တိမ်တိုက်များဆိုတဲ့ ပရဟိတ်အဖွဲ့နဲ့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက် အလှူခံခဲ့ပါတယ်။ နောက်ထပ် သြဂုတ် ၈ ရက် နဲ့ ၉ ရက် တို့မှာ  ဂျန်းရှင်းစကွဲနဲ့ တော်ဝင်စင်တာ တို့ မှာ သီချင်းဆိုပြီး အလှူခံပေးဖို့ ရှိတယ်။ ရေဘေးသင့် ပြည်သူတွေအတွက် အရမ်းစိတ်မကောင်း ဖြစ်မိ ပါတယ်။ ကိုယ်ချင်းလည်းစာမိတယ် ကိုယ့်ရဲ့ အိုးအိမ်တွေ ပစ္စည်းတွေ  စွန့်ခွာခဲ့ရတာ ဆိုတော့ မိုင်လေး အနေနဲ့ ကိုယ်တတ်နိုင်သလောက် လှူဒါန်းသွားမှာပါ။

အခု နေရာတိုင်းမှာ ပရဟိတ် လူငယ်လေးတွေ အလှူကောက်ခံ နေကြတာ တွေ့တော့ ဂုဏ်ယူ ဖို့ အရမ်းကောင်းပါတယ်။ ချီးလည်းချီးကျူးတယ်။ သူတို့ အတွက်လည်း ကုသိုလ်ရသလို အပင်ပန်းခံ ပြီး လုပ်နေကြတဲ့အတွက် ဘေးကနေ ပီတိ ဖြစ်မိတယ်။

အစိုးရနဲ့ လူထု ပူးပေါင်းပြီး ကူညီမှုတွေ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်မယ် ဆိုရင် ပိုပြီး မြန်သွားမှာပါ။ အစိုးရဘက်ကလည်း ရေဘေး ဒုက္ခသည်တွေရဲ့ ပြန်လည် ထူထောင်ရေး အတွက် တတ်နိုင်သလောက် လုပ်ပေးသင့်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags