ရခိုင်အရေး တပ်ချုပ်နှင့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး

.

(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၉ ။              ။ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ တွေ့ဆုံးဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

"ဌာနေတိုင်းရင်းသားတွေ ဌာနေကနေမစွန့်ခွာနိုင်အောင် ဘာတွေပံ့ပိုးပေးဖို့လိုသလဲ၊ ဘယ်လိုလုံခြုံရေးစည်းတွေ ချဖို့လိုသလဲ။ ဘူးသီးတောင်၊ မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားတွေ စွန့်ခွာသွားခဲ့လို့ရှိရင် ဖြစ်လာမယ့် အကျိုးဆက်ပေါ့ဗျာ အဲ့ဒါတွေ ဆွေးနွေးခဲ့တာပါ" ဟု ဒေါက်တာအေးမောင်က မဇ္ဈိမသို့ပြောဆိုခဲ့သည်။ သို့သော် ဆွေးနွေးမှု အသေးစိတ် အကြောင်းအရာကိုမူ   ပြောဆိုခဲ့ခြင်းမရှိပေ။

တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းချင်းရာအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်ဟု သတင်းထုတ်ပြန်ထားသည်။

ရခိုင်အမျိုးသားပါတီဘက်မှ  ဥက္ကဌ ဒေါက်တာအေးမောင်အပါအ၀င် ပါတီဗဟိုအလုပ်မှုဆောင်များဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ဦးဝေစိန်အောင် နှင့် ဦးခင်မောင်လတ် တို့ တက်ရောက်ကြသည်။