ပါတီနှင့်ရည်ရွယ်ချက်ချင်းတူသည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအား ပါတီဝင်အဖြစ်ကြိုဆိုဟု ကယားပြည်နယ် ဝန်ကြီးချုပ်ပြောကြား

ပါတီနှင့်ရည်ရွယ်ချက်ချင်းတူသည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအား ပါတီဝင်အဖြစ်ကြိုဆိုဟု ကယားပြည်နယ် ဝန်ကြီးချုပ်ပြောကြား
ဓာတ်ပုံ- မိုင်းအောင်နိုင်

လွိုင်ကော်၊ သြဂုတ် ၈ ။                 ။ ၈၈ မျိုးဆက်ကျောင်းသားအင်အားစုများသည် ဒီမိုကရေစီအရွေ့တစ်ခုကို လိုလားသည့်အတွက် ရည်ရွယ်ချက်ချင်းတူသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပူးပေါင်းလက်တွဲခြင်းကို ကြိုဆိုသည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မဇ္ဈိမကို ပြောကြား လိုက်သည်။

သြဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် ကယားပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ကြီးမှူးကျင်းပသည့် ပါတီဝင်အဆိုပြုလွှာ အခမ်းအနားအပြီး တွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

"၈၈ ကလည်း ဒီမိုကရေစီအရွေ့တစ်ခုကို ဆောင်ရွက်ချင်တယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီမိုကရေစီအရွေ့ကို ဦးဆောင်နေတယ်။ ဒီလိုတူညီတဲ့အမြင်တွေနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်တော့ ကျွန်တော့် အမြင်က ဒီလိုနှစ်ဘက်လုံးက နှစ်ဦးလုံးက ညီအစ်ကိုစိတ်ဓါတ်နဲ့ နိုင်ငံကြီးကို တိုးတက်အောင်လုပ်မယ်ဆိုတဲ့စ်တ်ဓါတ်က အရေးကြီးပါတယ်။ နိုင်ငံကြီး ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့က အဓိက ဖြစ် ပါတယ်" ဟု ကယားပြည်နယ်၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မဇ္ဈိမကို ပြောသည်။

ယင်းအခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က္တဋ္ဌနှင့် ပါတီဝင်များ၊ ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ရှစ်လေးလုံးတောင်းဆိုချက်တွေကို လက်တွေ့ဆောင်ရွက်နိုင်ရန် ပါတီထဲ ဝင်ရောက်တာ ဖြစ်သည်ဟု ကယားပြည်နယ် ၈၈ မျိုးဆက် ကျောင်းသားဟောင်း အင်အား စုက ကိုသက်နောင်ထွန်းက ဆိုသည်။

"အရေးတော်ပုံကြီးက ၂၉ နှစ်ကြာခဲ့ပြီ၊ အဲဒီတုန်းက တောင်းဆိုချက်တွေ ဆက် ပြီးအကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းဖို့လည်း လိုအပ်တယ်။ နောက်ပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်ဖို့ လည်းရှိတယ်။ ဒါကြောင့် ပါတီထဲဝင်ဖို့ ဆုံးဖြတ်ကြတာ" ဟု ကယားပြည်နယ်၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်း အင့်အားစုက ကိုသက်နောင်ထွန်းက ပြောသည်။

"အင်အားသစ်တွေနဲ့အင်အားတိုးဖို့ ကျွန်တော်တို့ပြည်နယ်မှာ ဒါ အစပါ။ နောက်ထပ်အင့်အားတိုးအောင် ခရိုင်၊ မြို့နယ်၊ ပြည်နယ် ကျေးရွာသေးသေး လေးတွေအထိ ဆောင်ရွက်သွားမှာပါ။ ဒါ ပြည်သူတွေက သူတို့ကိုယ်တိုင်က ပါတီအပေါ် ယုံကြည်သက်ဝင်ပြီး ဝင်ရောက်လာမှာပါ" ဟု ကယားပြည်နယ်၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ကယားပြည်နယ် ၈၈ မျိုးဆက်ကျောင်းသားဟောင်း အင်အားစုများ အပါအဝင် ကယားပြည်နယ်ဒေသခံ အင်အား ၆၀၀ ကျော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly