ရှုံးပွဲမရှိနိုင်ပွဲဆက်ခဲ့တဲ့ တရုတ်ဖိုက်တာ "ROCK MAN"

ရှုံးပွဲမရှိနိုင်ပွဲဆက်ခဲ့တဲ့ တရုတ်ဖိုက်တာ "ROCK MAN"

တရုတ်ဖိုက်တာ ချန်လီ "ROCK MAN" နဲ့ မလေးရှားဖိုက်တာ မာရီကန် “The Vampire”တို့ရဲ့ ဘင်တန်ဝိတ်တန်းပွဲစဉ်ကလည်း ပရိသတ်စိတ်ကြိုက်တွေ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ချန်လီက ၂၀၁၇ ဧပြီလကမှ One Championship ပြိုင်ပွဲကို စတင်ထိုးသတ်တာဖြစ်ပြီး ထိုးသတ်ပြီးခဲ့တဲ့ ၂ ပွဲစလုံးကို ပထမအချီမှာတင် ပွဲဖြတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

မာရီကန်ကတော့ ၂၀၁၃ ကတည်းက MMA ပြိုင်ပွဲတွေမှာ ၀င်ရောက်ထိုးသတ်နေသူပါ။ ၈ ပွဲထိုးသတ်ခဲ့ရာမှာ ၅ ပွဲနိုင် သုံးပွဲသရေ ကျထားသူ ဖြစ်ပါတယ်။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲသုံးပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ပွဲရှုံးထားသူလည်း ဖြစ်ပါတယ်။ အနိုင်ရထားတဲ့ ၂ ပွဲစလုံးက အလဲထိုးနဲ့အနိုင်ရထားတာပါ။

ပထမအချီမှာတော့ ချန်လီက သူအားသာတဲ့ ချုပ်ကွက်တွေနဲ့ မာရီကန်ကို ကြမ်းပြင်ပေါ်မကြာခဏ လှဲသိပ်နိုင်ပေမယ့် မလေးရှားဖိုက်တာက ခြေကန်ချက်တွေနဲ့ပြန်လည်တိုက်ခိုက်တာကြောင့် ထိရောက်မှုမရှိခဲ့ပါဘူး။ ပထမအချီပြီးခါနီးမှာ ချန်လီဟာ မာရီကန်ကို ချုပ်ပြီး ပွဲသိမ်းဖို့ နီးစပ်ခဲ့ပေမယ့် မာရီကန်က အရှုံးမပေးခဲ့တာကြောင့် ပွဲမပြတ်ခဲ့ပါဘူး။

ဒုတိယအချီမှာလည်း ချန်လီကပဲ ပွဲကိုဦးဆောင်ခဲ့ပြီး မာရီကန်ကို ချုပ်ကိုင်ကာ ကြမ်းပေါ်သိပ်လို့ တံတောင်တွဲလုံးတွေ ဒူးတိုက်ချက်တွေနဲ့ တရစပ်တိုက်စစ်ဖွင့်ပါတယ်။ ဒါပေမဲ့ အသည်းမာတဲ့ မာရီကန်ကလည်း လုံးဝအလျှော့မပေးပါဘူး။

နောက်ဆုံးအချီမှာ မာရီကန်ဟာ တတ်နိုင်သလောက်ခံထိုးပေမယ့် ပွဲပြီးဖို့ တစ်မိနစ်ကျော်အလိုမှာတော့ ချန်လီရဲ့ အပိုင်ချုပ်ကွက်ထဲ မိသွားခဲ့ပါတော့တယ်။ ချန်လီဟာ အပေါ်ကနေချုပ်နေရင်း မာရီကန်ရဲ့လက်ကို ဆွဲယူကာ ချုပ်ကိုင်ခဲ့လို့ မာရီကန်ဘယ်လိုမှ မခံနိုင်တော့ဘဲ အရှုံးပေးလိုက်ရပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly