ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်အလုပ်ကိုင်ရန် နေ့စဉ် နိုင်ငံကူးလက်မှတ်ပြုလုပ်သူ ၁၃ဝဝ ခန့်ရှိ

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်အလုပ်ကိုင်ရန် နေ့စဉ် နိုင်ငံကူးလက်မှတ်ပြုလုပ်သူ ၁၃ဝဝ ခန့်ရှိ

ရန်ကုန်၊ သြဂုတ်လ ၉ ။           ။ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နေ့စဉ် ပြည်ပထွက်ခွင့် နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူမှာ လူဦးရေ ၁၃ဝဝ ခန့်ရှိကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်။

အဆိုပါ ရန်ကုန်၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် နေ့စဉ် နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူ ၁,၅ဝဝ နှင့် ၁,၇ဝဝ ကြားရှိပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်သူများမှာ ၁,၃ဝဝ ခန့်အထိ ရှိနေခြင်းဖြစ်သည်။

ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် နေ့စဉ် နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူ၏ ၈၀ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် လုပ်ကိုင်သူများဖြစ်သည်။

“အလုပ်အတွက် နိုင်ငံကူးလက်မှတ် လာရောက်လုပ်တဲ့သူက နေ့စဉ် ၁၃ဝဝ လောက်ရှိတယ်။ ကျန်တာ ကတော့ အလည်အပတ်ကိစ္စတွေ၊ ပညာရေးကိစ္စတွေ အကြောင်းအကြောင့် လာလုပ်ကြတာပေါ့။ အဓိကတော့ ထိုင်းနိုင်ငံဘက်ကို အလုပ်သွားလုပ်ကြမယ့်သူတွေ များတာပေါ့။ မလေးရှားနိုင်ငံကလည်း ဇူလိုင်လဆန်းကမှ ပြန်ဖွင့်တာဆိုတော့ အဲ့ဒီကို သွားတဲ့သူကတော့နည်းတယ်”ဟု အဆိုပါရုံးမှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံကူးလက်မှတ်များကို တစ်ဦးလျှင် ၁ဝ ရက်နှင့် ရရှိအောင်ပြုလုပ်ပေးနေခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ်ပြု လုပ်လျှင်လည်း တစ်ဦးလျှင် ကျပ်ငွေ ၂၅ဝဝဝ သာကျသင့်မည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံကူးလက်မှတ်ကတော့ ပုံစံအမျိုးမျိုးနဲ့ ရ မျိုးလောက်ရှိတာပေါ့။ ဒါတွေကို ကျွန်တော်တို့က ၁ဝ ရက်နဲ့ ရအောင်လုပ်ပေးနေပါတယ်။ ကျသင့်ငွေကလည်း နှစ်သောင်းခွဲပဲဖြစ်ပါတယ်။ တစ်ချို့ခြွင်းချက်တော့ရှိတာပေါ့။ ခိုးဝင်လာသူလို့ သံသယရှိတဲ့သူတွေကျတော့ သေချာစိစစ်ရတာပေါ့။ ဒါမျိုးကျတော့ အချိန်ခန့်မှန်းလို့ မရပါ ဘူး”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ ပြည်ပသွား အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများမှာ ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်။

“ကျွန်တော်တို့ နယ်ဘက်မှာက ရာသီဥတုကလည်း မကောင်းတော့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေ တော့ဘူး။ သူများနိုင်ငံတော့ ဘယ်သွားချင်မလဲဗျ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဒီမှာက တစ်ထောင်၊ နှစ်ထောင် ရဖို့တောင် အနိုင်နိုင်ရယ်။ ဟိုမှာ သွားဒုက္ခခံရင် မိသားစုအတွက် အရင်းအနှီးလေးရနိုင်တာပေါ့။ ထိုင်းမှာက ညီ ဝမ်းကွဲလည်းရှိတယ်လေ။ မျှော်လင့်ချက်နဲ့ ရှိတာလေးထုခွဲပြီး ထိုင်းမှာ အလုပ်သွားလုပ်ဖို့ အတွက်   Passport လာလုပ်တာပါ”ဟု စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ လာရောက်ပြီး နိုင်ငံကူးလက်မှတ်ပြု လုပ်နေသည့် ဦးကျော်ညွှန့်က ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတွင်လည်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူများအား မှတ်ပုံတင်ရန် သတ်မှတ် ထားသည့် ၁၅ ရက်အတွင်း ထိုင်းအစိုးရက မှတ်ပုံတင်ခွင့်ပြုခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ရ သိန်းကျော် လာရောက် မှတ်ပုံတင်ပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားရှာဖွေရေးရုံးမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ရ ရက်နေ့ထိ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ရ၇၂,၂၇၄ ဦး ရှိပြီး ထိုအထဲတွင် မြန်မာအလုပ်သမား အများဆုံးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly