အဂတိလိုက်စားကာ ပုံစံ(၇) ထုတ်ပေးသည့် ဝန်ထမ်း(၈၆)ဦးကို အရေးယူ

အဂတိလိုက်စားကာ ပုံစံ(၇) ထုတ်ပေးသည့် ဝန်ထမ်း(၈၆)ဦးကို အရေးယူ

နေပြည်တော်(ဩဂုတ် ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်မှုမရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ထုတ်ပေးသည့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၈၆)ဦးအား အပြစ်ပေးအရေးယူထားသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

ပြစ်ဒဏ်များအနေဖြင့် သတိပေးခြင်း (၃၂)ဦး၊ နှစ်တိုးရပ်ခြင်း (၆)ဦး၊ လစာလျော့ပြစ်ဒဏ် (၂)ဦး၊ ရာထူးတိုးရပ်ခြင်း (၁၁)ဦး၊ ရာထူးလျော့ချခြင်း (၁၄)ဦး၊ ဌာနမှထုတ်ပယ်ခြင်း (၇)ဦးနှင့် ထုတ်ပစ်ပြစ်ဒဏ်ဖြင့် (၁၄)ဦး၊ စုစုပေါင်း (၈၆)ဦးကို အရေးယူခဲ့သည်ဟု ဦးလှကျော်က ပြောဆိုသည်။ အပြစ်ပေးခံရသူများမှာ အရာထမ်း(၅)ဦးနှင့် အမှုထမ်း (၈၁)ဦးတို့ ဖြစ်သည်။

“အဓိကတော့ အဂတိနွယ်ပြီးလုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တိုင်ကြားလာတဲ့ကိစ္စတွေကို အရေးယူရတာ” ဟု ဦးလှကျော်က ပြောသည်။

ဩဂုတ် ၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အမတ် ဦးစောသလေးစော၏ “မြေယာမှုခင်းများ ပိုမိုရှုတ်ထွေးစေသည့် ပုံစံ(၇)များ လက်လွတ်စပယ်ထုတ်ပေးခြင်း၊ မြေတိုင်းတာမှု အလွယ်တကူ ပြုလုပ်သည့် အကျင့်ပျက် ဝန်ထမ်းတချို့ကို အရေးယူဆောင်ရွက်ရန် ရှိ၊ မရှိ မေးခွန်းအပေါ် ဒုဝန်ကြီး ဦးလှကျော်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကမူ “၈၆ယောက်ထက်မက တစ်နိုင်ငံလုံးမှာ များပြားစွာ ရှိနေနိုင်တယ်။ ရှိနေဖို့လည်း များတယ်။ ဒါကို တိတိကျကျလေး ကိုင်တွယ်ပေးစေချင်တယ်” ဟု ဆိုသည်။

မြေစာရင်းဌာနအနေဖြင့် နေရာပိုင်နက်များကို အတိအကျ တိုင်းတာသတ်မှတ်ခြင်းမရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ကို လက်လွတ်စပယ် ထုတ်ပေးမှုကြောင့် လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားသည့် မှုခင်းများမှာ ၎င်း၏ မြို့နယ်တစ်ခုတည်းတွင်မူ များစွာ ရှိနေသည်ဟု ဦးစောသလေးစောက လွှတ်တော်တွင် ပြောသည်။

“မြေစာရင်းဌာနကို တိကျသေချာစွာ တိုင်းတာပြီးတော့မှ နေရာပိုင်နက်တွေကို အတိအကျတိုင်းတာသတ်မှတ်ဖို့ ပြောတဲ့အခါမှာလည်း အဖြစ်သဘောသာ တိုင်းတာပြီး မည်သည့်သတ်မှတ်ချက်မျိုးကိုမှ အတိအကျ မလုပ်ဆောင်ပေးနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

လွှတ်တော်အမတ်များအနေဖြင့် နယ်နိမိတ်သတ်မှတ်ချက်မရှိဘဲ ပုံစံ(၇)ထုတ်ပေးမှုအပေါ် ဝန်ကြီးဌာနကို တိုင်ကြားရန်နှင့် တိုင်ကြားစာကို လွှတ်တော်သို့လည်း မိတ္တူပေးပို့ရန် လွှတ်တော်ဥက္ကဌ၊ ဦးဝင်းမြင့်က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly