အမျိုးသမီးဖိုက်တာအသစ်တစ်ဦး ရရှိလိုက်တဲ့ One Championship

အမျိုးသမီးဖိုက်တာအသစ်တစ်ဦး ရရှိလိုက်တဲ့ One Championship

မကာအိုပွဲစဉ်မှာ One Championship ပြိုင်ပွဲ စီစဉ်သူတွေ အမျိုးသမီးဖိုက်တာအသစ်တစ်ဦး ရရှိသွားခဲ့ပါတယ်။

သူမရဲ့နာမည်ကတော့ ဂျိုးမာရီတောရက်စ်ပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အမျိုးသမီးဖိုက်တာ တောရက်စ်ဟာ သတ်ကွင်းထဲဝင်လာချိန်မှာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး ပရိသတ်နဲ့အနည်းငယ် စိမ်းနေခဲ့ပေမယ့် သူ့ကို အားပေးမှုတွေတော့ ရှိခဲ့ပါတယ်။

သူမနဲ့ယှဉ်ပြိုင်ရမယ့် ထိုင်း၊ ဂျပန်သွေးနှော ထိုင်းဖိုက်တာ အစ်ဟီဂီဟာ ပထမနှစ်ပွဲစလုံးကို အလဲထိုးနဲ့ ပွဲဖြတ်ထားသူဖြစ်လို့ ပရိသတ်တွေက တောရက်စ်ထက် ပိုမျှော်လင့်ထားခဲ့ကြပါတယ်။

ဒါ့အပြင် အစ်ဟီဂီက အပြုံးမျက်နှာနဲ့ ချောမောသူဖြစ်လို့ ပရိသတ်ကို ပိုစွဲဆောင်နိုင်ပါတယ်။ အစ်ဟီဂီဟာ မွေထိုင်းနဲ့ ဂျူဂျစ်ဆု ပညာရည် ပြည့်ဝသူ ဖြစ်ပါတယ်။

ပွဲစလွှတ်လိုက်ပြီဆိုကတည်းက အစ်ဟီဂီက သူအားသာတဲ့ ချုပ်ထိုး၊ ချုပ်သတ်အကွက်တွေနဲ့ တောရက်စ်ကို လှဲချဖို့ ကြိုးစားခဲ့ပါတယ်။ တောရက်စ်လဲကျခဲ့ပေမယ့် အစ်ဟီဂီထင်သလို လုပ်လို့ မရခဲ့ပါဘူး။ အောက်ကနေ ရုန်းကန်ပြီး ပြန်ထိုး၊ ပြန်ချုပ်တဲ့ တောရက်စ်ကို အစ်ဟီဂီမထိန်းထားနိုင်ခဲ့ပါဘူး။ ဒါကြောင့် နှစ်ယောက်စလုံးအနည်းငယ်ထိချက်တွေ ရှိခဲ့ပါတယ်။ ပထမအချီပြီးကာနီးမှာ ကြမ်းပြင်ပေါ်လဲနေတဲ့ တောရက်စ်ရဲ့ ခြေစုံကန်ချက်က အစ်ဟီဂီရဲ့ပေါင်ကိုထိပြီး အစ်ဟီဂီလဲကျခဲ့ရပါသေးတယ်။ တောရက်စ်ဟာ အနေအထားပေါင်းစုံမှာ အန္တရာယ်ပေးနိုင်သူဖြစ်ကြောင်းကို   ပြသနိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ အစ်ဟီဂီအနည်းငယ်ကျသွားပြီး တောရက်စ်က ပြန်လည်တိုက်စစ်ဖွင့်ခဲ့ပါတယ်။ အစ်ဟီဂီက တောရက်စ်ရဲ့သတ်ကွက်ကို အလှည့်ပေးကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ အခွင့်အရေးရပြီဆိုတာနဲ့ တောရက်စ်က အစ်ဟီဂီကို တိုက်စစ်ဖွင့်ပါတယ်။ တောရက်စ်ရဲ့လက်သီးထိုးချက်တစ်လုံး အစ်ဟီဂီရဲ့မျက်နှာကို ထိသွားခဲ့ပြီး အနည်းငယ်ဟန်ချက်ပျက်သွားပြီးတဲ့နောက် တရစပ်လိုက်လံထိုးသတ်ပါတယ်။

အသာရသွားတဲ့ တောရက်စ်ဟာ လုံးဝလျှော့မပေးတော့ပဲ လဲကျသွားတဲ့ အစ်ဟီဂီကို အပေါ်စီးကနေ တရစပ်ထိုးပါတော့တယ်။ အစ်ဟီဂီကာထားပေမယ့် လက်သီးတွေက တဖွဲဖွဲပါပဲ။ အဲ့နောက် တောရက်စ်က အစ်ဟီဂီကို နောက်ကသိုင်းပြီး လည်ပင်းကို ညှစ်ထားခဲ့ပါတယ်။ အစ်ဟီဂီတောင့်ခံသေးပေမယ့် နောက်ဆုံးမခံနိုင်တော့ပဲ တောရက်စ်လက်ကိုပုတ်ကာ အရှုံးပေးလိုက်ပါတော့တယ်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လက One Championship မှာ ပထမဆုံးပွဲဦးထွက်ထိုးခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ သတ်ကွင်းထဲပြန်ရောက်လာတဲ့ တောရက်စ်ဟာ သူ့ရဲ့ ဒုတိယမြောက်နိုင်ပွဲကို ပုံဖော်ပြီး ရှုံးပွဲမရှိတဲ့ အစ်ဟီဂီကို ရှုံးပွဲကြုံစေခဲ့ပါတယ်။ One Championship အတွက်တော့ အမျိုးသမီးဖိုက်တာအသစ်တစ်ဦးကို ရရှိလိုက်တာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly