၁၉၉၀ နောက်ပိုင်း ဥရောပစူပါဖလား ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်း ရီးယဲလ်ဖြစ်လာ

၁၉၉၀ နောက်ပိုင်း ဥရောပစူပါဖလား ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်း ရီးယဲလ်ဖြစ်လာ
(ဓာတ်ပုံ - အီးပီအေ)

ဒီကနေ့ မနက်အစောပိုင်းက မက်ဆီဒိုးနီးယားနိုင်ငံ၊ စကိုပီယိုမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ ၂၀၁၇ ဥရောပါစူပါဖလားလုပွဲမှာ စပိန်နှင့် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်က ယူရိုပါလိဂ်ချန်ပီယံ မန်ယူအသင်းကို (၂-၁)ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရယူကာ ကာကွယ်သွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ပွဲစတင်ကစားကတည်းက ပွဲကို စိုးမိုးထားပြီး အစောပိုင်းမှာ ကက်စ်မဲရိုးရဲ့ ခေါင်းတိုက်ချက် ဂိုးဘားတိုင်ထိခဲ့လို့ မန်ယူတို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၄ မိနစ်မှာပဲ ကက်စ်မဲရိုးက မက်ဒရစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် (၅၂) မှာ ရီးယဲလ်တို့ တစ်ဂိုး ရရှိခဲ့ကာ ဘေးလ်နဲ့ အစ္စကိုတို့ one-two ရိုက်ပြီး အစ္စကိုက ၈ ကိုင်အကွာကနေ သာသာယာယာ သွင်းယူခဲ့လို့ မန်ယူအသင်း ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ယူနိုက်တက်အတွက် တစ်လုံးတည်းသောချေပဂိုးကို ရပ်ဖို့ဒ် အဝေးကန်သွင်းချက်ကို ဂိုးသမားနာဗတ်ဆီက ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို လူကာကူကနေ ၆၂ မိနစ်မှာပိတ်သွင်းယူပေးခဲ့ပါတယ်။

ရီးယဲလ်ဟာ ဥရောပစူပါဖလားကို ၁၉၉၀ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာပြီး ၄ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါ။ ဒီနိုင်ပွဲကြောင့် ဥရောပစူပါဖလားမှာ နောက်ဆုံး(၅)နှစ်ဆက် ချန်ပီယံလိဂ် ချန်ပီယံများသာ ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။

ဥရောပစူပါဖလားရလဒ်
ရီးယဲလ်မက်ဒရစ် ၂-၁ မန်ယူ
ကတ်စ်မဲရိုး ၂၄', အစ္စကို ၅၂'၊ လူကာကူ ၆၂'

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly