ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ ရွှေ့ပြောင်းအလုပ်သမား ရသိန်းကျော်တွင် မြန်မာအလုပ်သမားအများဆုံးဟုဆို

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ ရွှေ့ပြောင်းအလုပ်သမား ရသိန်းကျော်တွင် မြန်မာအလုပ်သမားအများဆုံးဟုဆို
ဓာတ်ပုံ - စိုးသူရ

ချင်းမိုင်၊ သြဂုတ် ၈ ။              ။ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူများအား မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ၁၅ ရက်အတွင်း ထိုင်းအစိုးရက မှတ်ပုံတင်ခွင့်ပြုခဲ့ရာ   ရွှေ့ပြောင်း အလုပ်သမားပေါင်း ရ သိန်းကျော် လာရောက် မှတ်ပုံတင်ပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားရှာဖွေရေးရုံးမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ရ ရက်နေ့ထိ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ရ၇၂,၂၇၄ ဦးရှိပြီး ထိုအထဲတွင် မြန်မာအလုပ်သမား အများဆုံးဖြစ်သည်။ မြန်မာအလုပ်သမား ၄၅၁၅၁၇ ဦး၊ ကမ္ဘောဒီယား ၂၂၂,၉၀၉ ဦးနှင့် လာအို ၉၇၈၃၈ ဦး မှတ်ပုံတင်ခဲ့သည်ဟု အလုပ်သမားရှာဖွေရေးရုံးမှ မစ္စတာ အာနွန်(Ar Non)က ပြောသည်။

“ဒီမှတ်ပုံတင်ဖို့ ရက်တိုးဖို့ ရှိမရှိတော့ ကျနော်အဖြေပေးလို့ မရသေးဘူး။ လူကြီးတွေ အစည်းအဝေးလုပ်ပြီးမှ သိရမယ်။ အခုထိတော့ ရက်တိုးဖို့ မရှိဘူး။ ဒီနေ့က စပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေ မှန်တယ်ဆိုတာ စစ်ဆေးသွားမယ်။ စစ်ဆေးမယ်။ ဒီနေ့ ၈ ရက်နေ့ကနေ ရက် ၃၀ ပဲပေးမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၈ ရက်မှ စက်တင်ဘာလ ၆ ရက်ထိ ရက်ပေါင်း ၃၀ ရက်အတွင်း အမည်စာရင်း မှတ်ပုံတင်ထားသော အလုပ်ရှင်နှင့် အလုပ်သမား မှန်ကန်ကြောင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပေးသွားမည်   ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရက ထိုင်းတနိုင်ငံလုံး ရုံးပိတ်ရက်မရှိဘဲ မှတ်ပုံတင်ဌာနပေါင်း ၁၀၀ ဖွင့်လှစ်ခဲ့ပြီး မှတ်ပုံတင်ခွင့် ပြုထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရက် ၃၀ကျော်ပါက အထောက်အထားမဲ့ အလုပ်သမားများကို မှတ်ပုံတင်ပေးတော့မည် မဟုတ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည်။

လက်ရှိ အမည်စာရင်း တင်သွင်းထားသော အလုပ်သမားများအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အမှန်တကယ်ဖြစ်ကြောင်း စစ်ဆေးမေးမြန်းမှု ပြီးသွားပါက အလုပ်ရှင်နှင့် အလုပ်သမား မှန်ကန်ကြောင်း အထောက်အထား တရားဝင် စာရွက်စာတမ်းများ ပြုလုပ်ရန် ထောက်ခံစာများ ထုတ်ပေးသွားမည် ဖြစ်သည်။ ထိုမှ မည်သူမည်ဝါ ဖြစ်ကြောင်း CI စာအုပ် သို့မဟုတ် သာမန်နိုင်ငံကူးလက်မှတ် ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။

အမည်စာရင်းတင်သွင်းမှုတွင် အလုပ်သမားများအနေဖြင့် ပြဿများ မရှိသော်လည်း ယနေ့ သြဂုတ်လ ၈ ရက်မှစတင်မည့် အလုပ်ရှင်နှင့်အလုပ်သမား မှန်ကန်ကြောင်း စစ်ဆေးမှုများတွင် အလုပ်သမားနှင့် ပွဲစားများအကြာ ငွေကြေး လာဘ်မှုများ ရှိလာနိုင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဒုဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

ထို့ပြင် အထောက်အထားမဲ ့အလုပ်သမားများ အလုပ်ရှင်သစ် ရှာဖွေမရသဖြင့် ပြဿနာများ ရှိနေသေးသဖြင့် ထိုင်းအစိုးရ သတ်မှတ်သည့် ရက်များအတွင်း မှတ်ပုံမတင်နိုင်သည့် အလုပ်သမားများလည်း ရှိနေသေးကြောင်း သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly