အင်းဝအပ်ချုပ်ဆိုင်အမှု စွပ်စွဲခံရသူ ရာဇာထွန်းအား စစ်ဆေးရန်ဖြစ်သော်လည်း ခွင့်တိုင်၍ ထပ်မံရုံးချိန်း

အင်းဝအပ်ချုပ်ဆိုင်အမှု စွပ်စွဲခံရသူ ရာဇာထွန်းအား စစ်ဆေးရန်ဖြစ်သော်လည်း ခွင့်တိုင်၍ ထပ်မံရုံးချိန်း

ရန်ကုန်၊သြဂုတ် ၈ ။              ။ အိမ်အကူမိန်းကလေးငယ်နှစ်ဦး ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၈ ရက်တွင် စွပ်စွဲခံရသူ ရာဇာထွန်းအား စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း ရာဇာထွန်းဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေမှ ခွင့်တိုင်ကြားခဲ့၍ ထပ်မံရုံးချိန်း ချိန်းဆိုခဲ့သည်။

စွပ်စွဲခံရသူ ရာဇာထွန်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ယင်း အမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် လျှောက်လွှဲချက်ပေးရန် တိုက်ဆိုင်နေသည့်အတွက် ခွင့်တိုင်ကြားခဲ့ခြင်းသဖြင့် လာမည့် သြဂုတ်လ ၁ဝ ရက်နေ့ကို ထပ်မံ ရုံးချိန်း ချိန်းဆိုလိုက် ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

အဆိုပါ လာမည့် သြဂုတ်လ ၁ဝ ရက်နေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူ ရာဇာထွန်းအား စစ်ဆေးသွားမည်ဖြစ်ပြီး အ ချိန်မီပါက စွပ်စွဲခံရသူ သီရိလတ်ပါ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်အကူမိန်းကလေးငယ်နှစ်ဦး ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုတွင် စွပ်စွဲခံရသူများ ဖြစ် သည့် ဒေါ်တင်သူဇာအပါအဝင် အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးကို ဇူလိုင်လ ၁၃ ရက် ရုံးချိန်းမှစတင်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားခွင်တွင် စစ်ဆေးနေခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင်  တင်မင်းလတ်၊ စုမွန်လတ်နှင့်  ဦးကိုလတ်တို့ ၄ ဦးအား စစ်ဆေးပြီးစီးခဲ့ပြီး ရာဇာထွန်းနှင့် သီရိလတ်တို့ ၂ ဦးသာ စစ်ဆေးရန် ကျန်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင်  ၄ ဦးအား တရားလိုများဘက်မှ လိုက်ပါ ဆောင် ရွက်ပေးနေသည့် ခရိုင်ဥပဒေအရာရှိက အပြန်အလှန်မေးခွန်းများမေးမြန်းပြီး စစ်မေးခဲ့ရာတွင် ၎င်းတို့ ၄ ဦးက အိမ်အကူလုပ်ကိုင်ခဲ့သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ညှင်းပန်းနှိပ်စက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

ထို့ပြင် အဆိုပါ မိန်းကလေးငယ်များကို ၎င်းတို့မှခေါ်ယူခဲ့ခြင်းမဟုတ်ဘဲ ကလေးငယ်များ၏ မိဘအုပ်ထိန်း သူ များက တောင်းပန်အပ်နှံ၍ လက်ခံခဲ့ခြင်းဖြစ်ပြီး လုပ်ခလစာပေးရန် ကြွေးကျန်များ မရှိသည့်အပြင် မိန်းကလေးငယ်နှစ်ဦး၏ ခန္စာကိုယ်ပေါ်ရှိ ဒဏ်ရာအမာရွတ်အများအပြားမှာလည်း ၄င်တို့နေထိုင်သည့်ရွာတွင် ဆော့ကစား ရာမှ ရရှိထားသော အမာရွတ်များသာဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြသည်။

အဆိုပါ အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ အပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့်လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက် တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်လိုက်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒေါ်တင်သူဇာပါ မိသားစုဝင် ၆ ဦးမှာ အိမ်အကူမိန်းကလေးငယ် နှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့အား လွန်ခဲ့သည့် ၅ နှစ်ခန့်မှစပြီး အိမ်အကူဖြင့်ခိုင်းစေခဲ့ရာ တစ်လတစ်သောင်းနှုန်း ဖြင့် လစာ ၈ လစာသာပေးခြင်း၊ မိဘများနှင့် တွေ့ဆုံခွင့်မပေးဘဲ ခြိမ်းခြောက်ဟန့်တားခြင်း၊ အပြင်းအထန်ဒဏ် ရာ ရရှိအောင် သစ်သားတုတ်ဖြင့် ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ လက်ချောင်း ၁ဝ ချောင်းအား လှန်ချိုးခြင်း၊ တံမြက်စည်းဖြင့် ရိုက်ခြင်း စသည့်ဖြင့် ပြုလုပ်ခဲ့သဖြင့် ခရိုင်တရားသူ ကြီးက ယင်းအမှုများကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာပါ ၆ ဦးမှာ ပြစ်မှုများကို မကျူးလွန်ကြောင်း တရားရုံးတွင် ပြန်လည် ထွက်ဆိုခဲ့သဖြင့် အဆိုပါအမှုနှင့် ပတ်သက်၍ ဇွန်လ ၈ ရက်နေ့ ရုံးချိန်းမှစကာ ဇူလိုင်လ ၆ ရက်နေ့ ရုံးချိန်းထိ ပြန်ခေါ်သက်သေများစစ်ဆေးခဲ့ပြီး ဇူလိုင်လ ၁၃ ရက် ရုံးချိန်းမှစတင်ကာ စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly