ပွင့်ဖြူဥပဒေအရာရှိအား လာဘ်စားမှုဖြင့် တိုင်ကြားထား၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆို

ပွင့်ဖြူဥပဒေအရာရှိအား လာဘ်စားမှုဖြင့် တိုင်ကြားထား၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး (ယခုဥပဒေ အရာရှိ၊အဆင့်-၃၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး)သည် အမှုသည်နှင့် လက်ခံတွေ့ဆုံ၍ ငွေကြေးတောင်းခံရ ယူခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆို အရေးယူဆောင်ရွက်လျက် ရှိကြောင်း  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။

ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စု သဖန်းတန်းကျေးရွာ မူလတန်းပြဆရာမတစ်ဦးဖြစ်သူ နစ်နာသူက တရားခံဘက်မှ ငွေကြေးရယူပြီး အကူအညီပေးခဲ့သော ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦးအား အရေးယူပေးပါရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ရာမှ တိုင်းအစိုးရမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက််ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး(ယခု ဥပဒေအရာရှိ၊ အဆင့်-၃၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး)သည် ပွင့်ဖြူမြို့နယ် ဥပဒေရုံး၏ တာဝန်ခံဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် ၎င်း၏ရုံးခန်း၌ အမှုသည်နှင့် လက်ခံတွေ့ဆုံ၍ ငွေကြေးတောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဂတိလိုက််စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးသန့်ဇော်ဝင်းက တရားလိုပြုလုပ်၍ ဦးလှဦးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ရာဇဝတ်မှုကြီးမှု နံပါတ် ၁/၂၀၁၇ အရ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇူလိုင် ၂၈ ရက်က တရားစွဲဆိုအရေးယူဆောင်ရွက်ခဲ့ပြီး လာမည့် သြဂုတ်လ (၉)ရက်နေ့တွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly