ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို ကာယကံမြောက်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်

ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို ကာယကံမြောက်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်

သြဂုတ် ၈ ။                 ။ ကုလသမဂ္ဂလုံခြံုရေးကောင်စီမှ ပြီးခဲ့သောစနေနေ့က ချမှတ်ခဲ့သည့် အရေးယူဒဏ်ခတ်ပိတ်ဆို့မည့် ပြစ်ဒဏ်နှင့် ပက်သက်၍ မြောက်ကိုရီးယားတို့ဘက်မှ စစ်မဟာဗျူဟာကျပြီး ကာယကံမြောက်သော နည်းလမ်းများဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ ကြေညာချက်ထဲတွင် မြောက်ကိုရီးယားတို့က ကုလသမဂ္ဂဘက်မှ အတည်ပြုခဲ့သည့် အရေးယူပိတ်ဆို့ မှုပြစ်ဒဏ်သည် ဒုံးပျံစမ်းသပ်မှုများ ပြုလုပ်နေသည့် ပြံုယမ်းအစိုးရအတွက် အလွန်ပြင်းထန်သော လုပ်ရပ်ဖြစ် ကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်နှင့် အမေရိကန်ကိုထောက်ခံသော အခြားနိုင်ငံများအားလုံးကို ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့သည်။

“ကျုပ်တို့ဘက်က ကာယကံမြောက်နည်းလမ်းတွေနဲ့ စစ်မဟာဗျူဟာကျကျ တုံ့ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ၀ါရှင်တန်နဲ့ သူရဲ့မဟာမိတ်များ အနေနဲ့ မေ့မထားသင့်ပါဘူး” ဟု မြောက်ကိုရီးယား၏ အာရှပစိဖိတ် ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုင်ငံတော်သတင်းဌာန KCNA မှ ထုတ်ဝေသော ကြေညာချက်ထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

တဆက်တည်းတွင် မြောက်ကိုရီးယားအလုပ်သမားပါတီ၏ လက်အောက်ခံအဖွဲ့ဝင်ဖြစ်သော အဆိုပါကော်မတီ က ကုလသမဂ္ဂ၏ ယခုလိုဒဏ်ခတ်မှုသည် အကြမ်းဖက်သော လုပ်ရပ်ဖြစ်ကြောင်းနှင့် ထိုသို့ဒဏ်ခတ်အောင် အမေရိကန်တို့ဘက်မှ အခြားနိုင်ငံများကို တွန်းအားပေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

KCNA မှ ထုတ်ပြန်သော အခြားကြေညာချက်ထဲ၌ ကင်ဂျံုအမ်းအစိုးရက နိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသော တောင်ကိုရီးယားတို့ကို   ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ် ကြောင့် နိုင်ငံအနောက်ပိုင်းသည် ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်သွားနိုင်ကြောင်းနှင့် ဆိုးလ်မြို့ကို မီးပင်လယ် အောက်သို့ ကျရောက်သွားအောင် လုပ်ပစ်နိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

ဒါ့အပြင် မြောက်ကိုရီးယားတို့က ၄င်းတို့၏ နျူကလီးယားနှင့် ဒုံးပျံစနစ်များကို အဆင့်မြှင့်တင်နိုင်အောင် ဆောင်ရွက်နေမှုများသည် အမေရိကန်တို့ဘက်မှ ကျူးကျော်လာသည့်ရန်ကို ဟန့်တားနိုင်အောင် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြန်လည် စောဒကတက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly