၂၀၁၇ မှာ ပထမဆုံး နိုင်ပွဲရသွားတဲ့ လီယန်ဒရိုအက်တိုင်ဒက်စ်

၂၀၁၇ မှာ ပထမဆုံး နိုင်ပွဲရသွားတဲ့ လီယန်ဒရိုအက်တိုင်ဒက်စ်

မက္ကာအိုမှာ ကျင်းပခဲ့တဲ့ ONE Champions ရဲ့ ONE: KINGS AND CONQUERORS ပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်မှာတော့ ဘရာဇီးနိုင်ငံသား ငါးကြိမ်မြောက် ဂျူဂျစ်ဆုချန်ပီယံ လီယန်ဒရိုအက်တိုင်ဒက်စ်က ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနက်ကို အနိုင်ယူပြီး ၂၀၁၇ ရဲ့ ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

အက်တိုင်ဒက်စ်နဲ့ ပက်စတာနက်တို့ရဲ့ မစ်ဒယ်ဝိတ်တန်းပွဲစဉ်ကို ပရိသတ်တွေက အများကြီးမျှော်လင့်ထားခဲ့ပေမယ့် နှစ်ယောက်စလုံးက အလဲမထိုးခံရဖို့ကို ထိန်းပြီး ထိုးသတ်သွားခဲ့လို့ ပွဲက ထင်သလောက်မကောင်းခဲ့ပါဘူး။

ပထမအချီမှာ ၂ ယောက်စလုံးဟာ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်ရှာရင်း လက်သီးကို အဓိကထားကာ စမ်းသပ်ထိုးနေခဲ့ကြပါတယ်။ ပထမတစ်ချီလုံးမှာ နှစ်ယောက်စလုံးဟာ ထိရောက်တဲ့ ထိုးသတ်မှုမျိုးမရှိခဲ့ဘဲ အက်တိုင်ဒက်စ်ရဲ့ဒူးပျံတိုက်ချက် တစ်ချက်သာ နည်းနည်းပွဲဆူခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ပိုလန်သားကြီးက ဘယ်ညာဝိုက်လက်သီးတွေ၊ ဖြောင့်လက်သီးတွေနဲ့ တိုက်စစ်ဖွင့်ခဲ့ပေမယ့် ဂျူဂျစ်ဆုချန်ပီယံကြီး အက်တိုင်ဒက်စ်က ပါးပါးနပ်နပ်ရှောင်တိမ်းရင်း ပြန်လည်တိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပါတယ်။ ဒုတိယအချီပြီးဖို့ တစ်မိနစ်လောက်အလိုမှာတော့ အက်တိုင်ဒက်စ်က ပက်စတာနက်ကို လှဲသိပ်ပြီး အပေါ်ကနေအပိုင်ချုပ်ကာ တံတောင်ရိုက်ချက်တွေနဲ့ အမှတ်တွေရယူနိုင်ခဲ့ပါတယ်။

တတိယအချီမှာတော့ နှစ်ယောက်စလုံးက အမှားမခံတော့ဘဲ သတိထားပြီး ထိုးသတ်ခဲ့ကြပါတယ်။ ဒိုင်က ထိုးသတ်ဖို့ သတိပေးခဲ့ပြီးနောက်မှာတော့ အက်တိုင်ဒက်စ်ကပဲ အသားစီးနဲ့ထိုးသတ်နိုင်ခဲ့ပြန်ပါတယ်။ အက်တိုင်ဒက်စ်ရဲ့ လက်သီးချက်တွေကသာ ပက်စတာနက်ကို အထိနာစေခဲ့တာကြောင့် ပွဲအပြီးမှာ ဒိုင်သုံးဦးစလုံးက အက်တိုင်ဒက်စ်ကိုပဲ အနိုင်ပေးခဲ့ကြပါတယ်။

အက်တိုင်ဒက်စ်က ၂၀၁၇ မှာ ပထမဆုံးနိုင်ပွဲ ရရှိခဲ့တာဖြစ်ပေမယ့် ပက်စတာနက်ကတော့ ၂၀၁၇ ရဲ့ ပထမဆုံးရှုံးပွဲ တွေ့သွားခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly