အရက်မူး မောင်းနှင်လာသော ကားမှ ကမာရွတ်မြို့မ ရဲစခန်းမှူးအား ဝင်တိုက်ပြီးနောက် ယာဉ်ဆင့်တိုက်မှု ထပ်မံ ဖြစ်ပွားခဲ့

အရက်မူး မောင်းနှင်လာသော ကားမှ ကမာရွတ်မြို့မ ရဲစခန်းမှူးအား ဝင်တိုက်ပြီးနောက် ယာဉ်ဆင့်တိုက်မှု ထပ်မံ ဖြစ်ပွားခဲ့
ဓာတ်ပုံ - ကမာရွတ်မြို့မရဲစခန်း

ရန်ကုန်၊ သြဂုတ်လ ရ ။            ။ ရန်ကုန်တိုင်းသေကြီး၊ တက္ကသိုလ်ရိပ်သာလမ်းတွင် အရက်မူးပြီး မောင်းနှင်လာသော ကားတစ်စီးမှ ယနေ့ ကမာရွတ်မြို့မ ရဲစခန်းမှူးအား ဝင်တိုက်ပြီးနောက် ယာဉ်ဆင့်တိုက်မှုထပ်မံ ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သိရသည်။

ထိုသို့ အရက်မူးမောင်းနှင်လာသော ဟွန်ဒါစီဗစ်ကားမှာ ကမာရွတ်မြို့မရဲစခန်းမှူးှ ဒုရဲမှူးစိုးအောင်အား ဝင်တိုက်ခဲ့သဖြင့် ဒုရဲမှူးစိုးအောင်မှာ ဝဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊ ဝဲဘက်နံဘေးပွန်းပဲဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အဆိုပါကားမှာ အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့ရှိ အငှားယာဉ်အား ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကမာရွတ်မြို့မ ရဲစခန်းမှူးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်မှာ သြဂုတ်လ ရ ရက်၊ နံနက် ၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ တက္ကသိုလ်ရိပ်သာလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကမာရွတ် မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင်များက သြဂုတ်လ ရ ရက်၊ နံနက် ၂ နာရီအချိန်ခန့်တွင် သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှုအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် ကမာရွတ်မြို့နယ်တွင် နေထိုင်သူ ချမ်းမြေ့အောင်ဆိုသူ မောင်းနှင်သော ဟွန်ဒါစီဗစ်ကားမှာ တက္ကသိုလ်များဓမ္မာရုံရှေ့အရောက် လမ်းလယ်ဘလောက်တုံးအား ဝင်တိုက်မိပြီး ထိုမှတဆင့် ယာဉ်တိုက်မှုအားစစ်ဆေးနေသည့် ကမာရွတ် မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးအောင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကားမှာ ဒုရဲမှူးစိုးအောင်အား ဝင်တိုက်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင်ရှိသည့် ပရိုဘောက်အဖြူရောင် အငှားယာဉ်အား ထပ်မံဝင်တိုက်ခဲ့ပြီး ကားမှာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားဖြင့်တိုက်ခံရပြီး သေဆုံးခဲ့သော ဒုရဲမှူးစိုးအောင် ရုပ်အလောင်းအား ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် PR – 011 ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းချမ်းမြေ့ အောင်ဆိုသူအား ယာဉ်မှုစစ်ရဲအုပ်ဝေလင်းက တရားလိုပြုလုပ် တိုင်တန်းချက်ခဲ့ပြီး ယာဉ်(ပ)၃၇/ ၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃ဝ၄ (က)/ ၂၇၉ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly